Chapter 20 (U)

192 14 4
                                    

Chapter 20

လွန်ခဲ့သော မိနစ်အနည်းငယ်က ကမ္ဘာကြီး ချာချာလည်နေခဲ့သည်ဆိုလျှင် အခုတော့ လုံးဝရပ်တန့်သွားလေပြီ။ တိမ်ယံ့အတွက် ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားပြီ။

လျှံ့ကို တည့်တည့်ရင်ဆိုင်ပြီး ကြည့်နိုင်လောက်သည့်သတ္တိ သူ့မှာမရှိတော့။ သို့သော် အကြည့်ကို လွှဲဖယ်သွားနိုင်စွမ်းလည်း ရှိမနေပြန်။ မျက်ရည်မကျပါဘဲ၊ တုန်ယင်နေခြင်း၊ ရှိုက်ငင်နေခြင်း မရှိပါဘဲ ငြိမ်သက်နေသော လျှံ့မျက်လုံးများထဲမှ နာကျင်ခြင်းများသည် တိမ်ယံ့ခန္ဓာကိုယ်ကို တစ်စစီ ဆုတ်ဖြဲပစ်နေသလိုပင်။

နှစ်သိမ့်သည့် စကားများကို သူမပြောနိုင်ပါ။ ပြောစရာစကားလည်း မရှိ။ ဒီလိုအဖြစ်မျိုးအတွက် လုံလောက်သော နှစ်သိမ့်စကားဆိုတာ ဒီကမ္ဘာပေါ်မှာ ရှိကိုမရှိ။ ထိုအစား သူပြောလိုက်မိသည်က...

"ဒီအကြောင်းတွေ မင်း ဘယ်သူ့ကိုမှ မပြောခဲ့ဘူးလား၊ မတိုင်ခဲ့ဘူးလား"

လျှံက ဖြည်းလေးစွာ ခေါင်းယမ်းပြသည်။

"ဟင့်အင်း၊ မတိုင်ခဲ့ဘူး။ အဲ့ကောင်တွေက ငါ့ကို ခြိမ်းခြောက်ထားတယ်လေ။ ငါ့မိသားစုကိုပဲဖြစ်ဖြစ် ကျောင်းက ဆရာတွေကိုပဲဖြစ်ဖြစ် တစ်ခွန်းဟတာနဲ့ ငါအသေပဲတဲ့။ ငါကြောက်လို့... သူတို့ကိုငါကြောက်လို့ ဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့ဘူး"

အစတည်းက တိမ်ယံမေးလိုက်သည့် မေးခွန်းထဲတွင် မတိုင်ရကောင်းလားဆိုသော အပြစ်တင်မှုမျိုး မပါခဲ့ပါ။ အခုတော့ လျှံတစ်ယောက်တည်း ဘယ်လောက်တောင် ကြောက်နေခဲ့မလဲဆိုသည့် အတွေးကပါ သူ့ကို ဖိစီးနှိပ်စက်လာသည်။

"မင်းဒဏ်ရာတွေကရော... ဒဏ်ရာတွေကိုတော့ မြင်ကြမှာပဲလေ။ ဘယ်သူကမှ မမေးဘူးလား"

"မေးလည်း ရန်ဖြစ်ထားတာလို့ပဲ ငါဖြေလိုက်တာပဲ။ ရန်ဖြစ်တာ ထိုးတာကြိတ်တာတွေက ဖြစ်နေကျဆိုတော့ ဘယ်သူမှ ထူးဆန်းတယ် မထင်ဘူးလေ"

ဒါပေါ့။ အတွင်းထဲက ဒဏ်ရာတွေကို လူမမြင်အောင် ဖုံးကွယ်နိုင်လျှင် အပြင်ပန်း ဒဏ်ရာတွေက လိမ်ညာဖို့လွယ်သည်ပဲ။ ဒါကို ဟိုမုဒိမ်းကောင်တွေကလည်း သိပါလိမ့်မည်။ သိလို့ပဲ အသက်တောင် မပြည့်သေးသော၊ မရင်းနှီးသေးသည့် နေရာစိမ်းတစ်ခုမှာ အားကိုးရာမရှိသော၊ ခိုကိုးရာမဲ့ကာ ကြောက်လန့်အားငယ်နေခဲ့သော လျှံ့ကို ဒီလို...။

Romeo & RomeoWhere stories live. Discover now