Chapter 11 (U)

604 19 0
                                    

Chapter 11

ကလေးမဟုတ်တော့တာ တစ်ခုတော့ကောင်းသား။ ပြတင်းပေါက်ကနေ ခိုးကြောင်ခိုးဝှက် ထွက်စရာမလို။ အိမ်ရှေ့တံခါးကို ခပ်တည်တည် ဖွင့်ထွက်ရုံသာ။

လျှံက ခြံထောင့်မှာ ရပ်စောင့်နေသည်။ လက်ကို ဂျာကင်အိတ်ကပ်ထဲ နှိုက်လိုက်၊ ပြန်ထုတ်လိုက်၊ ဆံပင်တွေကို ဖွလိုက်နှင့်။

/ဘာလဲဟ။ ဒီကောင် စိတ်လှုပ်ရှားနေတာလား/

အနားရောက်သွားတော့ ပြုံးပြလာသည်။ မျက်နှာချိုသွေးသည့် အပြုံးမျိုး။

"နန်းတော်ထဲက ခိုးထွက်လာတာမလား"

"အင်း"

တိမ်ယံတို့လို အရပ်ဘက်ဝန်ထမ်းတွေက နန်းတော်ထဲမှာ ညအိပ်အိပ် မအိပ်အိပ် ကိစ္စမရှိ။ လျှံတို့လို တပ်သားတွေကျမတူ။ ခွင့်ရက်မဟုတ်လျှင် နန်းတော်အပြင်မှာ ညအိပ်ခွင့်မရှိ။ သန်းခေါင်ကျော်အချိန်ကြီး အပြင်ရောက်လာသည်ဆိုမှတော့ ခိုးထွက်လာပြီဆိုတာ မြေကြီးလက်ခတ်မလွဲ။

"ငါ့ကို မဆူနဲ့နော်။ မင်းနဲ့တွေ့ချင်လို့ ထွက်လာတာ"

"ဘယ်သူက ဆူနေလို့လဲ။ လာ၊ လမ်းလျှောက်ရအောင်"

ဆုပ်လိုက်ဖြန့်လိုက် ဣန္ဒြေမရဖြစ်နေသည့် လျှံ့လက်တစ်ဖက်ကို ဆွဲယူလိုက်တော့ အံ့သြသွားပုံပေါ်သော်လည်း ရုန်းတော့မရုန်း။ လက်ချောင်းချင်းယှက်ကာ ဆုပ်ကိုင်လိုက်တော့ လက်ဖဝါးနှစ်ဖက်သည် အံဝင်ခွင်ကျ ဖြစ်လို့နေသည်။ လူရှင်းနေသည့် လမ်းမကြီးပေါ် ခြေလှမ်းများကလည်း ထပ်တူကျလျက်။

"တိမ်ယံ"

"အင်း"

"ငါတို့ လရောင်အောက်မှာ လမ်းလျှောက်ဖူးတာ ဒါပထမဆုံးပဲနော်"

တိမ်ကင်းစင်နေသဖြင့် လရောင်က ဝင်းလက်နေသည်။ လရောင်အောက်က လျှံ့မျက်နှာသည်လည်း ထိုနည်းလည်းကောင်း။

"လမ်းမပေါ်မှာ လက်တွဲပြီး လမ်းလျှောက်ဖူးတာလည်း ဒါပထမဆုံးပဲ မဟုတ်ဘူးလား"

"ဟုတ်သားပဲ"

ပြောစရာ မရှိတော့သလို ခဏငြိမ်သွားကြပြန်သည်။ ဒီတစ်ခါ ငြိမ်သက်မှုက စိတ်ကို အနှောင့်အယှက်မပေး။ တိတ်ဆိတ်အိပ်မောကျနေသည့် လောကကြီးအလယ်မှာ သူတို့နှစ်ယောက်သာ ရှိနေရသလိုမျိုး သက်သောင့်သက်သာတောင် ဖြစ်နေသေးသည်။

Romeo & RomeoWhere stories live. Discover now