Chapter 16
"တပ်မှူး... ကျွန်တော့်ကို ဘာဖြစ်လို့..."
ဝေယံ့မျက်နှာက ပကတိ ရိုးသားဟန်လေးနှင့်။ မြေကြီးပေါ် လဲကျနေလျက်က ပြန်ထမလာဘဲ မျက်လုံးများပြူးဝိုင်းကာ လျှံ့ကို မော့ကြည့်နေသည်။
"တောက်! ငါ့ကို အဲ့စောက်ခွက် လာလုပ်ပြမနေနဲ့"
မတော်တဆ သူတို့အသံတွေ တိမ်ယံ ကြားသွားမှာစိုးတာကြောင့် ဝေယံ့ကို အင်္ကျီရင်ဘတ်က ဆွဲထူကာ စာကြည့်တိုက်နှင့် ခပ်ဝေးဝေးသို့ ဆွဲခေါ်လာခဲ့သည်။
ခွပ်...။
ခြေလှမ်းရပ်လိုက်တာနှင့် နောက်တစ်ကြိမ် ထပ်ရောက်လာသည့် လက်သီးချက်ကိုလည်း ဝေယံ ရှောင်ချိန်မရလိုက်။ မေးရိုးတွေပါ ပြုတ်ထွက်ကုန်ပြီလား ထင်ရလောက်အောင် မျက်နှာတစ်ခြမ်းလုံး ပူထူသွားသည်။
"ကျွန်တော်နဲ့ တပ်မှူးနဲ့ကြားမှာ ဘာပြဿနာမှလည်း မရှိဘဲနဲ့ ဒါဘာလုပ်တာလဲ တပ်မှူး"
အသားနာသွားသဖြင့် စိတ်တိုစပြုလာသည့် ဝေယံက နှုတ်ခမ်းထောင့်က စီးကျလာသည့် သွေးများကိုသုတ်ရင်း မေးလိုက်တော့ လျှံက နှုတ်ခမ်းတစ်ဖက်ကိုတွန့်ပြီး မဲ့ပြုံးပြုံးသည်။
"ငါဘာလုပ်နေတာလဲ ငါ့ထက် မင်းကပိုသိတယ် ဟေ့ကောင်"
သုံးချက်မြောက်လက်သီးသည် ဝေယံ့မျက်နှာပေါ် မရောက်လိုက်တော့။ သူ့မျက်နှာကို ထိခါနီး လက်မအနည်းငယ်အလိုမှာ လျှံ့လက်ကို ဝေယံက သူ့လက်နှင့် ဆီးပြီးခံလိုက်သည်။
"နှစ်ခါပဲရမယ်။ ကျုပ်အသားကို သုံးခါတော့ အနာမခံဘူး"
ဖြူစင်ဟန် မျက်နှာပေးလေး ပျောက်သွားကာ အေးတိအေးစက်ရုပ်နှင့် ခပ်မာမာပြောလိုက်သော ဝေယံ။
လျှံကလည်း ထီမထင်သလို အပြုံးနှင့်။
"အေး ငါကလည်း ဒါမျိုးမှကြိုက်တာ"
ဖြတ်ကန်လိုက်သည့် လျှံ့ခြေထောက်ကို ဝေယံက ကိုယ်ကိုယို့ပြီး ရှောင်လိုက်သည်။ တစ်ဆက်တည်းမှာပဲ သူ့လက်ထဲက လျှံ့လက်ကောက်ဝတ်ကို ဆွဲလိမ်ချိုးသည်။ နာသွားသည့်လက်ကို အောင့်ခံကာ မရုန်းသေးဘဲ လျှံ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြီး တံတောင်ဆစ်နှင့် ဝေယံ့နံရိုးကြားကို ဆောင့်ချပစ်သည်။
YOU ARE READING
Romeo & Romeo
General FictionType - bl Genre - Drama Warning - Domestic abuse, Sexual assault