Chapter 6 (U)

692 16 1
                                    

Chapter 6

(လွန်ခဲ့သော ရှစ်နှစ်ခန့်က)

"ကားကို လူလိုသူလို မောင်းစမ်းပါ။ ငါ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင်သေးဘူးနော်"

"အဲဒါတော့ မင်း ငါ့ကို အထင်သေးတာပဲ။ ငါကားမောင်းတတ်တာ အသက် ၁၂ နှစ်တည်းက။ သုံးနှစ်ရှိပြီ၊ ဘယ်တုန်းက တိုက်ဖူးလို့လဲ"

သူပြောတာလည်း ဟုတ်နေသဖြင့် တိမ်ယံ ငြိမ်နေလိုက်ရသည်။ တကယ်လည်း လျှံက ကားမောင်းကြမ်းတာ မှန်ပေမယ့် အရမ်းကာရော ရမ်းကားတာမျိုးတော့မဟုတ်။

"မင်း ငါ့ကို ဘယ်တွေ ခေါ်သွားနေတာလဲ"

"ရောက်ရင်သိမှာပေါ့။ ငါ့ကို မယုံဘူးလား"

"မယုံပါဘူး။ မင်းလိုကောင်က ယုံချင်စရာ ဘာရှိလို့လဲ"

"ဟား ဟား"

လျှံက ခေါင်းမော့ပြီးကို အားရပါးရ ရယ်နေသည်။ ရယ်လို့ဝမှ ခေါင်းပြန်ငုံ့လိုက်တော့ ဆံပင်ရှည်ရှည်များက မျက်လုံးရှေ့ ဝဲကျလာသည်ကို ခေါင်းယမ်းပြီး ခါထုတ်ပစ်လိုက်သေးသည်။ ပြီးမှ တိမ်ယံ့ဘက်လှည့်လာကာ ပြုံးစစနှင့် -

"မင်းပြောလိုက်မှဖြင့် ငါက အယုတ်တမာကောင်ကြီး ကျနေတာပဲ"

"ဟုတ်တယ်၊ အယုတ်တမာကောင်ပဲ။ စာမေးပွဲနီးနေပြီ၊ အိမ်မှာပဲ စာကျက်ပါတော့မယ်ဆိုတာကို အတင်း အပြင်ထွက်လာခိုင်းတာ။ ငါ့ကို စာမေးပွဲကျအောင် ကြံစည်နေတဲ့ အယုတ်တမာကောင်"

"ဘာစာမေးပွဲမှ မကျစေရဘူးကွာ။ စာကျက်ချိန်နည်းသွားလို့ အကုန်မကျက်နိုင်တော့ရင် ခိုးချဖို့ ငါလုပ်ပေးမယ်။ ငါ့ကိုသာယုံလိုက်"

"ချီးတဲ့မှ။ မင်းပဲခိုးချ"

"ဟား ဟား"

တဟားဟားနှင့် ရယ်လို့မပြီးနိုင် ဖြစ်နေသည့်ကောင်ကို တိမ်ယံ ဘုကြည့် ကြည့်ပစ်လိုက်သည်။ ဒီမနက် လျှံမိုးစက်ခွင်း အူမြူးနေသည်။ ဘာတွေ စိတ်ရူးပေါက်လာပြန်ပြီလဲမသိ။ စာမေးပွဲ ဒီလောက် နီးနေပြီကို မနေ့က စနေနေ့ တစ်နေ့လုံးလည်း အပြင်ထွက်မယ်၊ လျှောက်သွားမယ်ဆိုပြီး တဂျီဂျီ နားပူနားဆာတိုက်လို့ တိမ်ယံရော၊ စောညီပါ သူ့အလိုလိုက်ကာ သူခေါ်သမျှနောက် လိုက်ခဲ့ရပြီးပြီ။ အဲဒါတောင် ဒီမနက်လည်း မိုးမလင်းခင်ကတည်းက ဖုန်းတဂွမ်ဂွမ်ဆက်ကာ တိမ်ယံ့ကို အပြင်ထွက်လာခိုင်းပြန်သည်။

Romeo & RomeoWhere stories live. Discover now