Chapter 5 (U)

731 24 0
                                    

Chapter 5

"မင်းသဘောပဲ။ ပြောချင်လည်းပြော၊ မပြောချင်လည်း... အွန့်!"

ငယ်ငယ်တုန်းကတော့ သူတို့နှစ်ယောက် အရပ်ချင်းက ကွာသဖြင့် နမ်းကြပြီဆိုလျှင် လျှံက ခေါင်းငုံ့ပေးခဲ့ရသည်။ အခုတော့ သူမသိလိုက်သည့် အချိန်အတွင်း အရပ်ကြီး ရှည်ထွက်လာခဲ့သည့် တိမ်ယံက သူနှင့် တန်းတူနီးပါး ဖြစ်နေခဲ့ပြီမို့ သူလည်း ခေါင်းငုံ့စရာမလို၊ တိမ်ယံလည်း ခြေဖျားထောက်စရာ မလိုဘဲ အရာအားလုံးက အံဝင်ခွင်ကျ ဖြစ်နေခဲ့သည်။

အဆီပိုမရှိ ကျစ်လျစ်နေသည့် ခါးလေးက သူဖက်လိုက်သည့်အတိုင်း အလိုက်သင့် ပါလာခဲ့သည်။ နောက်လက်တစ်ဖက်နှင့် အုပ်ကိုင်လိုက်မိသည့် လည်ကုတ်လေးကလည်း တရှိန်းရှိန်း ပူနွေးလို့နေသည်။ သူထိတွေ့ခွင့်ရနေသည့် ဖြူနုနု အရေပြားလေး၊ ထိုးဖွနေမိသည့် ဆံပင်တိုတိုပွပွလေး၊ နူးညံ့လွန်းသည့် နှုတ်ခမ်းတစ်စုံနှင့် ကိုလာအရသာ ရနေသည့် လျှာဖျားလေးကအစ တိမ်ယံ၏ အစိတ်အပိုင်းအားလုံးသည် သူနှင့် ရင်းနှီးလွန်းလှသည်။

"လွမ်းနေတာ။ ငါ မင်းကို အရမ်း လွမ်းနေခဲ့တာ"

ခဏမျှ အသက်ရှူရန် နားကြစဥ်အတွင်း တိမ်ယံ့နားနားကပ်ကာ ပြောမိသေးသည်။ ဒုတိယအကြိမ် အနမ်းများကိုတော့ ဘယ်သူက စတင်ခဲ့သလဲတောင် သူသတိမထားမိခဲ့တော့။ သောက်လေသောက်လေ ငတ်မပြေနိုင်သည့် ပင်လယ်ရေလို အနမ်းများသည် သူ့အတွက် အာသာမပြေနိုင်ခဲ့။ ထပ်ခါထပ်ခါ တောင့်တရင်း ရပ်တန့်ချင်စိတ်ဆိုသည့်အရာ သူ့မှာ မရှိတော့ဘူးလားတောင် ထင်လာမိသည်။

နောက်ဆုံးတော့ သူ့စိတ်ကြိုက် ခွင့်ပြုပေးနေသည့် သူ့အချစ်ကလေးကို သနားလာသဖြင့်သာ မရပ်ချင် ရပ်ချင်နှင့် ရပ်ပေးလိုက်ရသည်။ ရပ်လိုက်သည်မှာလည်း အတော်ပါပဲ။ တိမ်ယံ့ခမျာ အတော်လေး အသက်ရှူ ကျပ်သွားခဲ့ပုံရသည်။ လွှတ်ပေးလိုက်တာနှင့် သူ့ပခုံးပေါ် မျက်နှာမှောက်ချလာကာ တရှူးရှူးနှင့် အသက်ရှူသံများ မြန်နေသည်။

လျှံကိုယ်တိုင်လည်း ကဆုန်ပေါက် ဒုန်းစိုင်းနေသည့် နှလုံးခုန်သံကြောင့် နေရခက်နေသည်။ သူ့ခေါင်းထဲတွင် ရီဝေဝေနှင့် ဗလာနီးပါး ဖြစ်နေကာ အသိစိတ်ကပ်အောင် အတော်ထိန်းချုပ်နေရ၏။ ဒီကြားထဲ သူဖက်ထားသည့် ခန္ဓာကိုယ်လေးက တုန်ယင်နေသဖြင့်လည်း စိတ်မကောင်း။

Romeo & RomeoWhere stories live. Discover now