Chapter 15 (U)

219 13 2
                                    

Chapter 15

"လျှံ ငါ တစ်ခုလောက်မေးချင်လို့"

"အင်း မေးလေ"

"အမှန်အတိုင်းဖြေနော်။ မင်းအမေရဲ့ အုတ်ဂူဆီကို မင်းလာဖူးတာ ဒါပထမဆုံးအကြိမ်မလား"

တိမ်ယံ့မေးခွန်းကြောင့် လျှံ့မေးကြောကြီးများ တင်းခနဲဖြစ်သွားသည်။ ဂျာကင်အင်္ကျီအိတ်ကပ်ထဲ နှိုက်ထားသည့် လက်နှစ်ဖက်ကလည်း လက်သီးဆုပ်မိလျက်သား။ ထိုအတိုင်း ခဏကြာသွားပြီးမှ...

"ဟုတ်တယ်။ ဒါပထမဆုံးအကြိမ်ပဲ"

တိမ်ယံ မအံ့သြတော့ပါ။ မြင်ရုံနှင့် သိသာနေပြီပဲ။

သူ့ရှေ့မှာ မြင်နေရသည့် အုတ်ဂူသည် ဟောင်းနွမ်းဆွေးမြည့်ကာ ပျက်စီးယိုယွင်းစ ပြုနေလေပြီ။ မူလအရောင်ဖြစ်သည့် အဖြူရောင်ကို ရေးရေးလေးသာ မြင်ရတော့ကာ အုတ်ဂူတစ်ခုလုံး ရေညှိစိမ်းများ အပြည့်ဖုံးလုနီးပါး။ ခေါင်းရင်းက ကျောက်တိုင်ဆိုလျှင် လေဒဏ် မိုးဒဏ် နေဒဏ်တို့ကို အရှုံးပေးခဲ့ရလွန်းသဖြင့် စာလုံးများတောင် မထင်ရှားတော့။ နာမည်ကိုတောင်မှ ကောင်းကောင်း ဖတ်လို့မရတော့။ ဒီနေရာကို နှစ်ပေါင်းများစွာအတွင်း လူတစ်ယောက်မှ ရောက်လာခဲ့ခြင်း မရှိဘူးဆိုတာ သိသာနေပြီပဲ။

နှစ်ပေါင်းများစွာ ပြုပြင်ထိန်းသိမ်းမည့်သူ မရှိပါဘဲ ပစ်ပယ်ထားခြင်း ခံရသည့် အုတ်ဂူငယ်တစ်ခုထဲတွင် လျှံ့မိခင်ခမျာ တစ်ကိုယ်တည်း အထီးကျန် လဲလျောင်းနေရရှာသည်တဲ့။

လျှံနှင့် ပတ်သက်လာလျှင် တိမ်ယံ့အတွက် အရာရာသည် ပဟေဠိ ဖြစ်နေရသည်။ လျှံ့အမေ သေဆုံးမှုသည်လည်း ထိုနည်းလည်းကောင်း။

တိမ်ယံ့မှတ်ဉာဏ်ထဲ ထင်ထင်ရှားရှား ရှိနေသေးသည်။ သူ လျှံနှင့် တွေ့ခွင့်မရခဲ့ဘဲ တပ်ခေါက်ပြန်လာခဲ့ရသည့် ဧည့်တွေ့နေ့အပြီး နောက်တစ်ရက်မှာ လျှံ့အမေ၏ နာရေးသတင်းကို ကြားခဲ့ရတာဖြစ်သည်။ သူများအိမ်မှာ နာရေးဖြစ်နေတာကို အားမနာနိုင်ဘဲ သူ့အမေ၏ အသုဘကိုတော့ လျှံ ရောက်လာမှာပဲ၊ လျှံသာရောက်လာလျှင် သူတို့ တွေ့ခွင့်ရမှာပဲဆိုပြီး ကြိတ်တွေးနေမိတာကြောင့် ကိုယ့်ကိုယ်ကိုယ်တောင် စိတ်ဆိုး ဒေါသဖြစ်ခဲ့ရသေးသည်မလား။

Romeo & RomeoWhere stories live. Discover now