Chapter 14 (Z)

53 1 0
                                    

Chapter 14

"ထင်သားပဲ ဒီမနက်တော့ မင်းရောက်လာလိမ့်မယ်လို့"

တံခါးဖွင့်ပေးရင်း ပြောလိုက်သည့် စောညီစကားကို တံခါးဝမှာ ရပ်နေသည့် လျှံက အပြုံးနှင့်ပဲ တုံ့ပြန်လာသည်။

"အထဲဝင်လေ"

စောညီ တံခါးပြန်ပိတ်နေတုန်း လျှံက အိမ်သေးသေးလေးကို အကဲခတ်ရင်း စောင့်နေသဖြင့်...

"ငါ မနက်စာစားဖို့ လုပ်နေတာ။ မင်းစားပြီးပြီလား။ စကားပြောရင်း တစ်ခါတည်း စားသွားမလား"

"တော်ပြီ မစားတော့ဘူး။ တိမ်ယံ ငါ့ကိုစောင့်နေမှာ"

စောညီ ကိုယ့်နဖူးကိုယ် ပြန်ရိုက်ချင်စိတ် ပေါက်သွားသည်။ ဒီကောင့်ပါးစပ်က မိုးလင်းတာနှင့် တိမ်ယံဆိုသည့်နာမည် အရင်ဆုံး ထွက်တယ်ဆိုတာ မေ့တော့မလို့။

"အဲဒါဆို ကော်ဖီတော့သောက်"

လျှံက ခေါင်းညိတ်ပြသည်။ နှစ်ယောက်သား မီးဖိုခန်းထဲက ထမင်းစားပွဲလေးမှာ ထိုင်မိကြတော့ စောညီက ထောပတ်သုတ်ပြီးသား ပေါင်မုန့်တစ်ချပ်ကို ယူစားသည်။ လျှံက ကော်ဖီအိုးထဲကနေ ခွက်နှစ်ခွက်ထဲ ကော်ဖီငှဲ့သည်။

သူတို့အမူအရာများသည် သက်သောင့်သက်သာ။ နေရထိုင်ရခက်တာမျိုး၊ တစ်ယောက်နှင့်တစ်ယောက် စိမ်းနေကြတာမျိုး မရှိဘဲ မနေ့တစ်နေ့ကအထိ နေ့စဉ်တွေ့နေခဲ့ကြသည့် သူငယ်ချင်းနှစ်ယောက်လို အေးအေးဆေးဆေးပင် ရှိနေသည်။

ကော်ဖီတစ်ငုံ မော့သောက်ပြီးမှ လျှံက တစ်ချက်ပြုံးလိုက်ကာ...

"မနေ့ညက သီရိနက္ခတ် ရစ်တဲ့ဒဏ် ငါ တော်တော် ခံလိုက်ရသေးတယ်"

"ထင်သားပဲ။ နှုတ်ခမ်းကြီးစူပြီး ကားပေါ် တက်သွားတည်းက လမ်းမှာ မင်းကို ရန်ရှာတော့မှာလို့"

"မင်းလည်း အလုပ်အားမယ့်တစ်ရက်ကျ လေးယောက် ဆုံဖြစ်အောင်ဆုံမယ်တဲ့။ ငါ့ကိုစီစဉ်ထားတဲ့။ အမိန့်ပေးသွားတယ်"

"မမဘုရားအမိန့်လေ။ ကြောက်ရတယ်"

"​​အဟုတ်ပဲ"

မနေ့ညက ပန်းခြံထဲတွင် အမှတ်တမဲ့ ဆုံမိပြီးနောက် သူတို့လေးယောက်မှာ ပြောစရာ စကားတွေက မကုန်နိုင်။ နှစ်ပေါင်းများစွာ ကွဲကွာနေသည့် သူငယ်ချင်းများ၏ reunion ဆိုပေမယ့် အချိန်ကမရ။ မိုးချုပ်လာတော့ လျှံက နန်းတော်ပြန်ဖို့ နှိုးဆော်တော့သည်။ ဒါကို သီရိက မကျေနပ်။ တခြားနေရာမှာသာ မင်းသမီးဂုဏ်ပုဒ်နှင့်လိုက်အောင် လူကြီးဆန်ချင်ဆန်မည်၊ သူတို့ကိုတော့ ဗိုလ်ကျရမှ ကျေနပ်သည့် သီရိသည် လျှံ့ကို မျက်စောင်းတထိုးထိုးနှင့်ပဲ ကားပေါ် ပါသွားရသည်။

Romeo & RomeoWhere stories live. Discover now