Chapter 7
တော်ဝင်နန်းတော်ထဲတွင် ရှိသည့်စစ်တပ်ကို ကိုယ်ရံတော်တပ်နှင့် နန်းတော်ကာကွယ်ရေးတပ်ဆိုပြီး နှစ်ဖွဲ့ခွဲခြားထားသည်။ ကိုယ်ရံတော်တပ်က တော်ဝင်မိသားစု၏ လုံခြုံရေးကို တာဝန်ယူရပြီး နန်းတော်ကာကွယ်ရေးတပ်က နန်းတော်ကြီး တစ်ခုလုံး၏ လုံခြုံရေးကို တာဝန်ယူကြရသည်။ ထိုတပ်နှစ်တပ်သည် သူ့တပ်သားနှင့် သူ့အရာရှိနှင့်သူ၊ အိပ်ဆောင်များကလည်း သီးသန့်စီဖြစ်သော်လည်း တပ်သားများအားလုံး လေ့ကျင့်ရေးဆင်းရာ နေရာကတော့ တစ်နေရာတည်းသာ။
ထရိန်နင်ကွင်းဟုသာ အလွယ်ခေါ်ကြသည့် ထိုလေ့ကျင့်ရေးကွင်းကြီးဆီသို့ အရင်က တိမ်ယံ ခြေဦးတောင် မလှည့်ဖူးခဲ့။ ကိုယ်နှင့်လည်း သက်ဆိုင်သည်မှ မဟုတ်ဘဲ။ လျှံနှင့် တွေ့ပြီးတော့မှသာ သူခေါ်သဖြင့် နှစ်ခါသုံးခါလောက် ရောက်ဖူးသည်။ အခုညလည်း ရောက်လာရပြန်ပြီ။
လူ့စိတ်ကလည်း တော်တော်ခက်သည်။ အရင်က ညစဥ်ညတိုင်း ညစာကို ကိုယ့်ဘာသာ တိတ်တိတ်ဆိတ်ဆိတ် စားနေခဲ့ရစဥ်က အကောင်း။ တစ်ယောက်တည်း စားရလို့လည်း ဘာပြဿနာမှ မရှိခဲ့။
အခုတော့ လျှံနှင့်ပြန်ဆုံပြီး နှစ်ပတ်လောက်အတွင်းမှာပင် အကျင့်က ပျက်သွားလေပြီ။ နှစ်ယောက်လုံး အလုပ်ကိုယ်စီပြီးမှ ညစာအတူစားဖြစ်ကြတာကို စိတ်က အကျင့်ရသွားမိပြီ။ ဒီည လျှံကဖုန်းဆက်ပြီး သူ ထရိန်နင်ရှိလို့ နောက်ကျမည်ဆိုသည့်အကြောင်း၊ သူ့ကိုမစောင့်ဘဲ ညစာစားလိုက်ဖို့အကြောင်း ပြောလာတော့ တစ်ယောက်တည်း ယောင်ချာချာနှင့် ဘာမှ စားမဝင်တော့။ ဒီတော့လည်း အိမ်မှာ ငုတ်တုတ်ထိုင်နေရမည့်အတူတူ လျှံရှိမည့်နေရာသို့ လိုက်လာခဲ့မိသည်။
ထရိန်ကွင်းကြီးသည် သုံးဧကကျော်ကျော်လောက် ကျယ်လိမ့်မည်။ ကိုယ်ခံပညာ လေ့ကျင့်ရုံတင်မဟုတ်ဘဲ အခြားအားကစားနည်းများပါ လုပ်လို့ရအောင် indoor၊ outdoor နေရာအစုံ၊ ကိရိယာ အပြည့်အစုံနှင့်။ သေနတ်ပစ်ကွင်းနှင့် ရေကူးကန်တို့တောင် ပါလိုက်သေးသည်။
ဒီလောက်ကျယ်သည့် နေရာကြီးထဲ လျှံ့ကို ဘယ်နား သွားရှာရပါ့မလဲ။ အရင်ဆုံး သေနတ်ပစ်ကွင်းဆီ သွားကြည့်လိုက်သည်။ မရှိ။ လျှံတင်မဟုတ် ဘယ်သူမှမရှိ။ တခြား လက်ဝှေ့၊ ကရာတေး၊ ဂျူဒို လေ့ကျင့်ရာ နေရာများတွင်လည်း ဘယ်သူမှမရှိ။ နည်းနည်းတော့ ထူးဆန်းသွားသည်။ အရင်အခေါက်တွေ ရောက်ဖူးတုန်းကဆို ဒီကွင်းကြီးသည် လူရှင်းနေသည်ဆိုတာမျိုး မရှိဖူးခဲ့၊ နေရာတိုင်းမှာ လူတစ်ယောက်မဟုတ်တစ်ယောက် ရှိနေတတ်သည်။ ခုတော့ ဘယ်သူ့ကိုမှမတွေ့။
YOU ARE READING
Romeo & Romeo
General FictionType - bl Genre - Drama Warning - Domestic abuse, Sexual assault