Chapter 3 (U)

771 24 0
                                    

Chapter 3

"ငါ သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်။ နင်တို့ menu ကြည့်ထားလိုက်ကြဦး။ အဲ၊ ကြည့်ရုံပဲ ကြည့်ခိုင်းတာနော်။ မှာမထားကြနဲ့။ ငါပြန်လာမှ ငါကြိုက်တာမှာမယ်။ နင်တို့က ဒီဆိုင်မှာ ဘာတွေရလဲဆိုတာ သိရုံလောက်ပဲဖတ်ထား ဟဲဟဲ"

ဘုရားစူးမိုးကြိုးပစ် တော်ဝင်မင်းသမီး သီရိနက္ခတ်သည် ပြောချင်ရာ ပြောပြီးတာနှင့် မပြေးရုံတမယ် ထွက်သွားလိုက်သည်မှာ ထိုင်ခုံခြေထောက် တစ်ချောင်းနှင့်တောင် ခလုတ်တိုက်သွားလိုက်သေးသည်။ နဂိုတည်းက လူသုံးယောက်တည်းသာရှိသော သီးသန့်စားသောက်ခန်းသည် သီရိထွက်သွားတော့ လျှံနှင့်တိမ်ယံ နှစ်ယောက်တည်းသာ ကျန်ခဲ့သည်။

ထိုသို့ဖြစ်အောင်လည်း သီရိက တမင်လုပ်နေတာဖြစ်မည်။ နေ့လယ်စာစားချိန်မို့ စာကြည့်တိုက်ကို လက်ထောက်တစ်ယောက်နှင့် ထားခဲ့ပြီး ထမင်းသွားစားမလို့ လုပ်နေတုန်း သီရိတစ်ယောက် ဆိုင်းမဆင့်ဗုံမဆင့် လျှံ့ကိုပါခေါ်ကာ စာကြည့်တိုက်သို့ ရောက်ချလာခဲ့သည်။ ပြီးတော့ သူနှင့်အတူ နန်းတော်အပြင်က စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာ လိုက်စားရမည်ဆိုပြီး ဇွတ်ခေါ်သည်။

"နင်က နန်းတော်အပြင် ထွက်လို့ရလို့လား" ဆိုတော့လည်း "ရတယ်လေ။ ကိုယ်ရံတော်ပါရင် ရတာပေါ့။ ဒီမှာ ဒီလောက်အားကိုးရတဲ့ bodyguard ကြီး တစ်ယောက်လုံးပါနေတာ ဘာမရစရာရှိလဲ" ဆိုပြီး လျှံ့လက်မောင်းတစ်ဖက်ကို ဆွဲချိတ်ကာ ဂုဏ်ဆာပြလိုက်သေးသည်။

ဒီလိုနှင့် သူတို့သုံးယောက် မြို့တော်ထဲက နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်၏ သီးသန့်ခန်းထဲ ရောက်လာကြရခြင်းပင်။

တိမ်ယံ့အာရုံက သီရိမှာသွားသလို အစားအသောက်အကြောင်းထဲမှာမရှိ။ သူစိတ်ဝင်စားတာက သူနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့်လူကိုသာ။

မြို့ထဲကလူတွေ အာရုံစိုက်တာ မခံရဘဲ လွတ်လွတ်လပ်လပ် သွားလာလို့ရအောင် လျှံက ကိုယ်ရံတော်တပ်မှူး ယူနီဖောင်းအစား အရပ်ဝတ် လဲလာခဲ့သည်။ အနက်ရောင် ရှပ်အင်္ကျီလက်ရှည်ကို ကြယ်သီးအစေ့ တပ်ထားပြီး စတိုင်ပင်အဖြူနှင့် တွဲဝတ်ထားကာ အင်္ကျီလက်ကိုလည်း တံတောင်ဆစ်နားထိ ခေါက်တင်ထားတာမို့ လက်ဖျံပေါ်က အ​ချောင်းလိုက် ကြွနေသည့် အကြောကြီးများက တိမ်ယံ့မြင်ကွင်းတွင် အထင်းသား။

Romeo & RomeoWhere stories live. Discover now