Chapter 26.3
"ဟင်!"
အိမ်၏ ပင်မဧည့်ခန်းထဲ အလောတကြီး ပြေးဝင်မိသော တိမ်ယံ မြင်လိုက်ရသော မြင်ကွင်းကြောင့် ခြေလှမ်းများ တန့်သွားရသည်။ နောက်က ကပ်လျက်ပါလာသော လျှံက သူ့လက်ကိုဆွဲကာ နောက်သို့ဆုတ်ခိုင်းသည်။
ဧည့်ခန်းထဲ ဝင်ပေါက်နှင့်တည့်တည့် ဆိုဖာတွင် ထိုင်နေသူက လျှံ့အဖေ ဦးလျှံထက်ညီး။ သူ့အိမ်သူ့ရာမှာ ရောက်နေသလို သက်သောင့်သက်သာ ခြေထောက်လေးချိတ်ကာ ထိုင်နေပုံကို တိမ်ယံ နားမလည်နိုင်။ ဘေးကနေ လူနှစ်ယောက်က သေနတ်တွေနှင့် ဝိုင်းချိန်ထားတာကို ဘယ်လိုလူမျိုးကများ အဲဒီလို အေးအေးဆေးဆေး နေနိုင်ရတာလဲ။
သေနတ်သမားနှစ်ယောက်မှာ တစ်ယောက်ကို တိမ်ယံ သေချာမသိ။ သူ့အဖေ၏ ဝန်ထမ်းတစ်ယောက်ဆိုတာပဲ သိသည်။ နာမည်အတိအကျ မမှတ်မိ။
ဒုတိယ သေနတ်သမားကတော့ တခြားသူမဟုတ်။ သူ့ဖခင် ဦးမိုးမြင့်သာ ကိုယ်တိုင်ပင်။ ဦးမိုးမြင့်သာသည် လက်ကသေနတ်ကို အနေအထား မပျက်စေရဘဲ ဝင်လာသူနှစ်ယောက်ကို လှည့်ကြည့်သည်။
"မေမေ!"
အော်ပြီး ပြေးသွားမည်လုပ်သော တိမ်ယံ့လက်ကို လျှံက ဆောင့်ဆွဲထားသည်။ လျှံ့မျက်လုံးများက ဦးမိုးမြင့်သာဆီမှ မခွာဘဲ တောက်လျှောက် အကဲခတ်နေသည်။ ဦးမိုးမြင့်သာကလည်း လျှံ့ကို တစ်ပုံစံတည်း ပြန်ကြည့်သည်။
"မင်းအမေ ဘာမှမဖြစ်ဘူး အချစ်။ စိတ်ကိုအေးအေးထား။ ငါ့နားမှာပဲနေ"
'အချစ်' ဆိုသောခေါ်သံကို လူနှစ်ယောက် တုံ့ပြန်ပုံကမတူ။ အခန်းထောင့်မှာ ခွေခွေလေး လဲကျသတိမေ့နေသော သူ့အမေဆီ ပြေးသွားဖို့ပြင်နေသော တိမ်ယံက လျှံ့အသံကြားတာနှင့် သတိဝင်လာပြီး ခေါင်းညိတ်ပြကာ ခြေလှမ်းကိုရုပ်လိုက်သည်။ တိမ်ယံ့အဖေကတော့ မကြားဝံ့မနာသာ ကြမ်းတမ်းရိုင်းပျသော ဆဲဆိုသံကို ကြားလိုက်ရသလို မျက်နှာတစ်ခုလုံး ရှုံ့မဲ့တွန့်လိမ်သွားသည်။
"ရွံစရာကောင်းလိုက်တာ"
အဖေဖြစ်သူ၏ ထိုအမူအရာ၊ ထိုလေသံကို ကြားလိုက်ရသော တိမ်ယံ့အတွက် ကမ္ဘာကြီး ပြောင်းပြန်လည်ပတ်သွားသလို ခံစားလိုက်ရသည်။
YOU ARE READING
Romeo & Romeo
General FictionType - bl Genre - Drama Warning - Domestic abuse, Sexual assault