Chapter 10
လူတွေသည် အချစ်ဆိုသည့်အရာကို ဘဝ၏ မည်သည့် အချိန်အပိုင်းအခြားတွင် ရှာဖွေတွေ့ရှိတတ်ကြသလဲ။ အချို့က ငယ်ရွယ်စဥ်မှာ ရှာတွေ့ကြသည်၊ အချို့ကတော့ အသက်အရွယ် ကြီးရင့်ချိန်မှ တွေ့ကံပါကြသည်။ ဝတ္ထုတွေထဲမှာတော့ အမျိုးမျိုး ရေးကြသည်ပင်။
တိမ်ယံကတော့ ကံကောင်းထောက်မစွာနှင့် နှစ်ကာလရှည်ကြာ မစောင့်လိုက်ရဘဲ ဆယ့်ငါးနှစ်အရွယ်မှာပဲ အချစ်ဆိုသည့် အရသာကို မြည်းစမ်းခွင့် ရခဲ့လေသည်။
အချစ်ကို တွေ့မည့်တွေ့တော့လည်း ဝေးဝေးမှာ တွေ့ခဲ့ရတာမဟုတ်။ အနီးဆုံးတွင် ရှိနေခဲ့သည့် သူငယ်ချင်းဖြစ်သူထံမှာ လွယ်လင့်တကူ တွေ့ခဲ့ရခြင်းသာ။
သူနှင့်လျှံတို့၏ အချစ်ဇာတ်လမ်းသည် ရာဇဝင် စာတင်ရမည့် ကြီးကျယ်ခမ်းနားသော ဇာတ်လမ်းမျိုးမဟုတ်။ ကျောင်းအတူတက်၊ စာအတူကျက်ကြရင်းမှ သူငယ်ချင်းအဖြစ်ကနေ အဆင့်တက်သွားခဲ့ကြသည့် သာမန် ဖြစ်ရိုးဖြစ်စဥ်ပါပဲ။ သူတို့ စတွေ့ခဲ့ကြပုံကအစ ရုပ်ရှင်တွေထဲကလို ရိုမန်းတစ်ဆန်ဆန် မိုးရေထဲမှာ တွေ့ခဲ့ကြခြင်းမျိုး၊ ပျော်ပွဲရွှင်ပွဲတစ်ခုမှာ အမှတ်မထင် ပခုံးချင်း တိုက်မိတာလိုမျိုး ထူးထွေဆန်းပြားသည့် တွေ့ဆုံခြင်းမျိုး မဟုတ်ခဲ့။ ကျောင်းပြောင်းလာသည့် ကျောင်းသားသစ်လေးကို လူဟောင်း ကျောင်းသားလေးက လာနှုတ်ဆက်ခဲ့ရုံသာ။
ထိုစဥ်က သူတို့ ဒီမြို့တော်ကြီးဆီ မရောက်သေး။ မြောက်ပိုင်းဒေသက ပြည်နယ်မြို့လေးတစ်ခုမှာ စတွေ့ခဲ့ကြသည်။
သူတို့အသက်က ဆယ်နှစ်ခန့်။ အလယ်တန်းကျောင်းသားအရွယ်။ သူ့အဖေ ပြောင်းလာသည့်မြို့ကို လိုက်လာခဲ့ရသည့် တိမ်ယံသည် ပထမဆုံး ကျောင်းစတက်ရသည့်နေ့တွင် ယောင်ချာချာ ဖြစ်နေခဲ့သည်။ သူသွားရမည့် စာသင်ခန်း နေရာကိုတောင် မသိတာမို့ ကျောင်းပေါက်ဝမှာ တဝဲလည်လည် ဖြစ်နေတုန်း ရွှင်ပျသွက်လက်သည့် အသံတစ်သံက သူ့ကျောဘက်မှ ပေါ်လာခဲ့သည်။
"ဟေး မင်းက ကျောင်းသားသစ်မလား"
လှည့်ကြည့်လိုက်တော့ မြင်ကွင်းထဲ ပြေးဝင်လာတာသည် ဘောလုံးဝတ်စုံ အဖြူရောင်ဝမ်းဆက် ဝတ်ထားသည့် ချွေးသံတရွှဲရွှဲနှင့် ကောင်လေးတစ်ယောက်။ ဆံပင်တွေ ရှေ့မကျအောင် နဖူးစည်းတစ်ခုနှင့် လှန်တင်ထားသည့် မျက်နှာသည် မောဟိုက်နေပုံ ပေါ်နေသည့်ကြားကပင် နွမ်းလျခြင်း တစ်စက်မှမရှိဘဲ ပြုံးပျော်ရွှင်မြူးနေပုံကြောင့် ဒီတစ်ယောက်က positive energy တော့ အပြည့်ပဲဟဟု စိတ်ထဲကနေ အမှတ်ပေးလိုက်မိသေးသည်။
YOU ARE READING
Romeo & Romeo
General FictionType - bl Genre - Drama Warning - Domestic abuse, Sexual assault