Chapter 8
အမတ်ချုပ်ကြီး...။
အရပ်သား အခေါ်အဝေါ်အရဆိုလျှင် ဝန်ကြီးချုပ်လို့ ခေါ်ရမှာပေမယ့် နန်းတော်ထဲတွင်တော့ ထိုရာထူးကို ရှေးဆန်ဆန် ထီးဟန်နန်းဟန်နှင့် အမတ်ချုပ်ကြီးလို့ပဲ သုံးနှုန်းကြသည်။
ဒီတိုင်းပြည်၏ တော်ဝင်မိသားစုက မဟုတ်ဘဲ အရပ်သားဘဝတွင် မွေးဖွားလာသူများအတွက် အမြင့်ဆုံးရနိုင်သည့် ရာထူးနေရာ။ လက်ရှိအုပ်ချုပ်သူ ဘုရင် သို့မဟုတ် ဘုရင်မပြီးလျှင် သြဇာအာဏာ အရှိဆုံးနေရာ။ တစ်နည်းဆိုရလျှင် အမြင့်ကိုမှန်းသူများ၊ ရာထူးအာဏာကို တပ်မက်သူများ ငမ်းငမ်းတက် ပိုင်ဆိုင်ချင်ကြသည့်နေရာ။
ထိုနေရာကို ယခုလက်ရှိ အချိန်ကာလတွင် လက်ဝယ်ပိုင်ပိုင် ထိန်းချုပ်ရယူထားနိုင်သူသည် သူ့စကားအတိုင်းပင် သူ့ရုံးခန်းထဲမှနေ၍ လျှံရောက်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့လေသည်။
ဒီရုံးခန်းကြီးထဲသို့ လျှံ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ အခန်းပိုင်ရှင်၏ ဂုဏ်အရှိန်အဝါနှင့်လိုက်အောင် အခန်းကြီးက သားနားလွန်းလှသည်။
ကြမ်းပြင်တစ်ခုလုံးအပြည့် ခင်းထားသည့် ကော်ဇောများက ဖိနပ်နှင့် နင်းလျှောက်လာတာတောင် အိစက်နေမှန်း သိသာနိုင်လောက်အောင် နူးညံ့ညက်ညောနေသည်။ မလိုပါဘဲ အပိုချိတ်ဆွဲထားသည့် မီးပန်းဆိုင်းကြီးကလည်း မျက်နှာကြက်အလယ်မှာ ဝင့်ဝင့်ထည်ထည်။ နံရံနှစ်ဖက်တွင် ထည့်သွင်းထားသည့် မျက်နှာကြက်မှ ကြမ်းပြင်အထိ ရှည်လျားသော ပြင်သစ်စတိုင် ပြတင်းပေါက်ကြီးများကြောင့် အပြင်က ညကောင်းကင်ကို ရှင်းလင်းစွာ မြင်နေရသည်။ တိုးဝင်နေသည့် လေညင်းများကြောင့် ခန်းဆီးစ အရှည်ကြီးများကလည်း တလွင့်လွင့်။
ရုံးခန်း၏ အသက်ဖြစ်သည့် အလုပ်စားပွဲကြီးကိုတော့ ပြတင်းပေါက်မရှိသည့် နံရံတစ်ဖက်ကို ကျောပေးလျက် ချထားလေသည်။ သပြေသီးမှည့်ရောင် စားပွဲကြီးသည် ဘယ်လောက်တောင် တိုက်ချွတ် အရောင်တင်ထားလဲမသိ၊ မှန်ကြည့်လို့ ရနိုင်လောက်အောင်အထိ ပြောင်လက်နေသည်မှာ မီးရောင်များတောင် အလင်းပြန်နေလိုက်သေးသည်။
YOU ARE READING
Romeo & Romeo
General FictionType - bl Genre - Drama Warning - Domestic abuse, Sexual assault