Chapter 17
မနက်စာစားချိန်လေးသည် အရင်ရက်များကလိုပင် တိတ်ဆိတ်အေးချမ်းနေသည်။ နှစ်ယောက်အတူထိုင်နေတာပေမယ့် အစားဆီ အာရုံရောက်နေတာမို့ ဘယ်သူမှ စကားများများ မပြောနိုင်ကြသေး။
အခုနောက်ပိုင်း လျှံက တိမ်ယံ့ကို မနက်အစောကြီးတွေ လာမနှိုးတော့သော်လည်း တိမ်ယံကိုယ်တိုင်က စောစောထတတ်လာသည်။ လျှံအလုပ်မသွားခင် မျက်နှာချင်းဆိုင်ထိုင်ပြီး မနက်စာ အတူစားရခြင်းနှင့်မှ အစမပြုရလျှင် သူ့တစ်နေ့တာသည် အဓိပ္ပာယ် မရှိတော့လို့ ယူဆတတ်လာပြီကိုး။
ဒီနေ့၏ မနက်စာက အုန်းနို့ခေါက်ဆွဲ။ အပြေးလေ့ကျင့်အပြီးမှာ လျှံက နန်းတော်အပြင်ထွက်ပြီး သွားဝယ်လာခဲ့ခြင်း။ စားလို့ပြီးကြတော့ တိမ်ယံက စားပြီးသားပန်းကန်တွေ သိမ်းသည်။ လျှံက ကော်ဖီငှဲ့ပေးသည်။
"လျှံ... မနေ့က ငါ့အဖေတို့ မင်းအဖေတို့ တက္ကသိုလ် တက်ခဲ့တဲ့ကျောင်းကို ငါဖုန်းဆက်လိုက်သေးတယ်"
လျှံက ကော်ဖီသောက်ရင်းမှ မျက်လုံးလှန်ကြည့်သည်။
"အဆင်ပြေလား"
"ပြေတယ်။ ကျောင်းသားဟောင်းတွေ့ဆုံပွဲလုပ်ဖို့ စီစဥ်နေတာ ဘာညာနဲ့ ဖိန့်လုံးတွေတော့ နည်းနည်းသုံးလိုက်ရတာပေါ့။ သူတို့ batch နဲ့ သက်ဆိုင်သမျှ မှတ်တမ်းတွေ ရှာလို့ရသမျှ ပို့ပေးမယ်တဲ့"
"ငါတို့ လူကိုယ်တိုင် သွားစရာ မလိုတော့ဘူးပေါ့"
"မလိုတော့ဘူး။ မင်းလည်း မသွားချင်ဘူးမလား"
"အင်း"
သူတို့မိဘတွေ၏ နောက်ကြောင်းကိုစုံစမ်းရန် စောညီပြောသည့် ကျောင်းတော်ကရန်စဆိုသော စကားပေါ် အခြေခံပြီး တက္ကသိုလ်ကနေ စစုံစမ်းဖို့ ဆုံးဖြတ်ခဲ့ကြသည်။ တိမ်ယံ့အဖေရော၊ လျှံ့အဖေနှင့် အမေကပါ တက္ကသိုလ်တစ်ခုတည်းတွင် တစ်နှစ်တည်း အတူတက်ခဲ့ကြသူတွေဆိုတာ ခုမှပဲ သူတို့သိရသည်။ ဒီတော့ သူတို့၏ စုံထောက်ခြင်း လုပ်ငန်းစဥ်ကို ဒီနေရာကပဲ စရမည်။
"တစ်ရက်နှစ်ရက်လောက်အတွင်း e mail နဲ့ ပို့ပေးမယ်ပြောတယ်။ ရတော့မှပဲ ငါတို့ အတူကြည့်တာပေါ့"
YOU ARE READING
Romeo & Romeo
General FictionType - bl Genre - Drama Warning - Domestic abuse, Sexual assault