Chapter 9
"မင်းအဝတ်အစားတွေကလည်း အကုန် အမည်းတွေချည်းပဲကွာ။ တခြားအရောင်လေးဘာလေး မရှိတော့ဘူးလား"
"မရှိဘူးလေ။ အမည်းက အပေအတေခံတယ်။ တော်ရုံတန်ရုံ လျှော်စရာမှ မလိုတာ။ အဲဒါပဲဝတ်မှာပေါ့"
"တော်တော် ညစ်ပတ်စုတ်ပဲ့တဲ့ကောင်"
သူ့ကိုကျောပေးထားကာ ဗီရိုထဲကိုကြည့်ရင်း ခေါင်းတယမ်းယမ်း ဖြစ်နေသည့် တိမ်ယံ့ကို လျှံကတော့ သဘောကျလို့မဆုံး။ သူက ညအိပ်ချိန်ဆို ကိုယ်ရံတော်ရိပ်သာက သူ့အခန်းကို ပြန်အိပ်သော်လည်း ကျန်အချိန်တွေက အလုပ်ရှိလျှင် အလုပ်မှာ၊ အလုပ်မရှိလျှင် တိမ်ယံ့အိမ်မှာသာ အနေများတာမို့ သူ့အဝတ်အစား တချို့တလေကိုပါ တိမ်ယံ့အိမ်မှာ ရွှေ့ထားဖြစ်သည်။ ဒါကို ကိုမိုးထက်တိမ်ယံတို့က စစ်ဆေးရေးဝင်နေခြင်း။
"အင်္ကျီအဝတ်အစား ကောင်းကောင်းမွန်မွန် ဝတ်စေချင်ရင် မင်းဝယ်ပေးလေကွာ"
"ဝယ်ပေးရအောင် ပေးလေ ပိုက်ဆံကဘယ်မလဲ"
"လစာမှ မထုတ်ရသေးတာ ဘယ်ရှိမလဲ။ မင်းပဲစိုက်ထားလိုက်"
"အဟက်၊ မင်း ငါ့အိမ်မှာ တစ်နေ့ ထမင်းသုံးနပ်လည်း လာစားသေးတယ်။ အင်္ကျီပါ ဝယ်ပေးနေရရင် ငါ့အကြွေးတွေ မင်းဆီမှာ သိပ်များနေပြီ မဟုတ်ဘူးလား"
"ဒါပေါ့။ ငါက မင်းဆီကနေ အကြွေးတင်မဟုတ်ဘူး။ လူကိုပါယူဦးမှာ။ လာဦး ဒီနား"
နောက်ကနေ ခါးကိုဖက်ကာ ဆွဲချလိုက်တော့ တိမ်ယံ့ခန္ဓာကိုယ်က လျှံ ထိုင်နေသည့်ကုတင်ပေါ် ပြုတ်ကျလာသည်။ တိမ်ယံ ဟန်ချက်ပျက်သွားတုန်းကို လျှံလည်း အခွင့်အရေးကို လက်လွတ်မခံဘဲ ခါးကိုဖက်ရုံတင်မက နောက်ကနေ ပခုံးပေါ် မေးတင်ကာ ပြန်ထမရအောင် ဖိထားလိုက်သည်။
တိမ်ယံက မာကျောလှသော အသံပြတ်ပြတ်နှင့် တစ်လုံးတည်း ပြတ်သားစွာဆိုလာသည်။
"လွှတ်"
"No"
"မင်း..."
"လွှတ်စေချင်ရင် ရအောင်ရုန်းလေ။ မရုန်းနိုင်ရင်တော့ ငြိမ်နေလိုက်"
YOU ARE READING
Romeo & Romeo
General FictionType - bl Genre - Drama Warning - Domestic abuse, Sexual assault