သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၁၉)
နေ့လယ်ပြန်ရောက်ရတည်းက အခန်းထဲက မထွက်သလို ထမင်းလည်းမစားသည့် တင့်ကို စိမ့်စိမ့်မှာ အခန်းထဲဝင်ပြီး ချော့ဖို့လုပ်ပေမဲ့ တင့်က အိပ်ပျော်နေလေသည်။ ညနေစောင်းမှ နိုးလာသည်။ နိုးလာသည့်အခါ တင့်မှာ ညည်းစီစီဖြစ်၍ ရေချိုးဖို့ အခန်းထဲမှာ တစ်ခါထဲ အဝတ်လဲကာ ထွက်လာ၏။ လမ်းကောင်းကောင်းလျှောက်ဖို့ အဆင်မပြေ၍ တရွတ်တိုက်သာ ထွက်လာခဲ့လိုက်သည်။ အပြင်မှာ စိမ့်စိမ့်ကို မတွေ့၍ သက်ပြင်းချလိုက်မိ၏။
ကိုယ့်ဘာသာရေချိုးသည့်နေရာကိုသွားပြီး ဖြည်းဖြည်းချင်း ခပ်ချိုးနေလိုက်၏။ ခြေထောက်မသန်၍ မတ်တပ်ရပ်ဖို့အဆင်မပြေသည့်အခါ ထိုင်နေရင်းပင် လုံခြည်လဲလိုက်ရ၏။ သို့သော်လည်း လဲသည့်လုံချည်ကလည်း ပြန်စိုသွားဆာပဲဖြစ်သည်။ တစ်ယောက်ထဲ ဖြည်းဖြည်းချင်းလုပ်နေတုန်း အိမ်ရှေ့ကနေ လူဝင်လာသံကြားရ၍ စိမ့်စိမ့်လားဟု တွေးလိုက်မိသည်။
"စိမ့်လား...."
အသံပြန်မပေးဘဲ အနောက်ကို လျှောက်လာသည့်အသံမို့ တင့် မော့ကြည့်သည့်အခါ စိမ့်မဟုတ်ဘဲ သူစိမ်းယောက်ျားတစ်ယောက်ဖြစ်နေလေသည်။ တင့် တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတို့ထသွားကာ လန့်တက်သွား၏။
"ဘာလာလုပ်တာလဲအိမ်ထဲ။ "
တင့်က အနားမရောက်ခင် လှမ်းအော်လိုက်၏။ ထိုလူက အေးအေးလူလူ သွေးအေးသည့်အကြည့်တို့ဖြင့် ကြည့်ကာ....
"စိမ့်ဆိုတဲ့ တစ်ယောက်ရော"
"မသိဘူး....စိမ့်...မရှိဘူး။ နင်ဘယ်သူလဲ။ ငါ့အိမ်ထဲဘာလာလုပ်တာလဲ"
"စိမ့်ကို လာရှာတာ"
"မရှိဘူး....မရှိဘူး...."
တင့်အလန့်တကြားအော်သည့်အခါ ထိုလူက သေချာကြည့်ပြီး ပြန်လှည့်ထွက်သွား၏။ တကယ်သွေးအေးသည့် မျက်လုံးတွေကြောင့် တင့်မှာ လန့်လို့မဆုံးပေ။ ပြီးမှ ကိုယ့်အခြေအနေပြန်ကြည့်မိသည့်အခါ တင့် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထနေမိ၏။
သိပ်မကြာခင် စိမ့်စိမ့်က အိမ်ထဲဝင်လာသည့်အခါ တင့်မှာ စိတ်ဆိုးနေမိသည်။ အော်လည်း အော်လိုက်မိ၏။
YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...