သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၁၆)
တင့် တစ်ယောက်ထဲ ဖြစ်နေသည်ဆိုသည့် အတွေးကြောင့် အလုပ်ထဲမှာ သူကောင်းကောင်း မလုပ်နိုင်ပေ။ စိမ့်စိမ့်ကိုလည်း ဖုန်းပြန်ဆက်၍ တင့်ဆီကို ပြန်သွားခိုင်းဖို့ တွေးမိ၏။ သူ ဖုန်းခေါ်သည့်အခါ စိမ့်စိမ့်က ချက်ချင်းမကိုင်၍ စိတ်တိုမိပြန်လေသည်။
"အမိ ဖုန်းကို ဘာလို့ချက်ချင်းမကိုင်တာလဲ။"
"ရေချိုးနေလို့လေ ကိုကိုရဲ့။ ဘာဖြစ်လို့လဲ"
"ပြီးရင် ဟိုဘက်အိမ်မှာ သွားနေပေးလိုက်"
"ဘယ်အိမ်ကိုလည်း"
"ဘယ်အိမ်ရှိသေးလို့လဲ နင့်အစ်မအိမ်မှာ ခဏသွားနေပေးလိုက်။ တစ်ယောက်ထဲဖြစ်နေလိမ့်မယ်"
"ကိုကိုလည်း နှင်ချတုန်းကကြတော့ နှင်ချပြီး။ စိမ့်မသွားချင်တော့ဘူး။ စောစောကမှ ပြန်လာတာကို"
"အမိ....ကိုကိုက သွားဆိုရင် သွားလေ"
"ကိုကိုကလည်း...."
"ပြန်လာရင် မုန့်ဝယ်လာခဲ့မယ်။ သွား...."
"ပြီးရော ကိုကိုရာ။ "
စိမ့်စိမ့်မှာ စူအောင့်အောင့်လေးဖြင့် ဖုန်းချလိုက်လေသည်။ ရေမိုးချိုးပြီးသည့်အခါ တစ်စုံတစ်ယောက်ဆီကို ဖုန်းဆက်ပြီး ပြီးမှ တင့်ဆီကို ထွက်လာခဲ့လိုက်၏။
"မမတင့်....မမတင့်..."
"စိမ့်လား...."
"ဟုတ်တယ်....မမ"
စိမ့်စိမ့်က အသံလေးပေးပြီး အိမ်ထဲဝင်လာသည့်အခါ တင့်က အိမ်ရှေ့ကို ထွက်လာနေ၏။ အိမ်မှာ ရှိနေသည့်ဂျိုင်းထောက်ကို ကောက်ပြီး သုံးနေသည်။ စိမ့်စိမ့်သွားတွဲပေးလ်ုက်၏။
"ဂျိုင်းထောက်က ဘယ်က ရလဲမမ"
"ဒီအိမ်မှာ ကျန်ရစ်ခဲ့တာလေ။ စိမ့်ကိုကိုနဲ့ ဟိုတစ်ခါစိတ်ဆိုးတုန်းက ဒီပြန်လာရင်း ကျန်ရစ်ခဲ့တာ"
"ဪ...ကိုကိုက မမတင့်ကို ပြန်ပွေ့ချီလာတုန်းက မလား"
"ဟုတ်ပ..."
တင့်မှာ ပြုံးစိစိလေးပြန်ဖြေရင်း မျက်နှာကလေး ညိုးသွား၏။ အခုလည်း အရင်တစ်ခေါက်ကလို ဆင်းလာပေမဲ့ အရင်က ကိုယ့်သဘောနဲ့ ကိုယ်ဆင်းလာတာဖြစ်ပြီး အခုက သူနှင်ချလို့ ဆင်းလာရခြင်းဖြစ်လေသည်။

ČTEŠ
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...