သူစေညွှန်ရာ ဦးညွှန့်စေ(အပိုင်း ၁၃)
တင့်ကို ကလေးယူမို့ တဇွတ်ထိုးပြောနေသည့် သူ့ကို တင့်ဟာ မျက်လုံးပြူးပြီး အံကြိတ်ကာကြည့်သည်။ သူကတော့ ဂရုမစိုက်တော့ပေ။ အဝတ်စားလဲပေးပြီး ထမင်းစားဖို့ အိမ်ရှေ့ကို ပွေ့ချီလာခဲ့သည်။
အမေနှင့် စိမ့်စိမ့်က သူတို့ပြောတာတွေ ကြားပြီးတင့်ကိုသာ သနားလေသည်။ ထမင်းစားဝိုင်းမှာ အမေက ရွာပြန်မည့်အကြောင်း သူ့ကိုပြောပြသည်။ သူ့မှာ အမေ့ကို အထွေအထူးမှာစရာမရှိပေ။ ထို့ကြောင့် လမ်းစရိတ်နှင့် လက်ဆောင်ပစ္စည်းတစ်ချို့သာ ဝယ်ပေးဖို့တွေးလိုက်၏။ ထမင်းစားပြီး သူ အပြင်ခဏထွက်သွားတုန်း တင့်က အမေနှင့်စိမ့်စိမ့်ကို ရင်ဖွင့်လေသည်။ ရိုးရိုး ရင်ဖွင့်သည်မဟုတ် ရှိုက်ကြီးတငင်ငိုပြီး ရင်ဖွင့်ချင်းပင်။
"အမေ့သား....တင့်အပေါ် မိုက်ရိုင်းနေတာ။ တင့်သူ့ကိုပြန်သာ ပေါင်းနေရတာ။ တစ်ရက်မှ စိတ်မချမ်းသာဘူး။ အမေတို့ကြားမှာပါ။ သူတင့်ကို ဘယ်လောက်နိုင်စားလဲ။ တင့်မှာ ကိုယ့်ဒုက္ခနဲ့ကိုယ် စိတ်ညစ်နေရတဲ့ကြားထဲ ကလေးယူဖို့ ပြောနေပြီ"
"ဟုတ်ပကွယ်...ဒီသားတစ်ယောက်နဲ့ ခက်တယ်တင့်ရယ်။ အမေလည်း စိတ်ညစ်ပါတယ်ကွယ်"
"တင့်မှာ တစ်နေ့တစ်နေ့ သူ့မျက်နှာကိုကြည့်ပြီး နေနေရတာတောင် တင့်အပေါ်သူက နိုင်စားချင်နေတာ။ ဒုက္ခိတဖြစ်နေတာတောင် သူ့အတွက် ကလေးမွေးပေးခိုင်းနေတယ်။ တင့်ဘယ်လိုလုပ်မွေးရမလဲ။ ကိုယ့်ဘာသာတောင် လမ်းကြာကြာမလျှောက်နိုင်တာ...."
တင့်က ပြောရင်းထပ်ငို၏။ စိမ့်စိမ့်မှာ ယောင်းမဖြစ်သူကို ကြည့်ပြီးသနားနေလေသည်။ အစ်ကိုဖြစ်သူက ကလေးအတင်ယူခိုင်းနေတာကို ကြားနေရ၍ တင့်ကိုသာ သားမိနှစ်ယောက်လုံး သနားနေကြ၏။
"သားက ယူမယ်ဆိုလည်း မယူနဲ့။ ဟို...အမေကြားဖူးပါတယ်။ ဆေးထိုးလို့ရတယ်ဆို။ အဲ့ဒါလုပ်ထားလေ။ သားလည်း မသိစေနဲ့"
"ဟုတ်အမေ....တင့်တကယ် စိတ်ဆင်းရဲတယ်သိလား။ အဟင့်...ဟင့်...ဟင့်....အမေ့သားကို...တင့်ပြန်ပေါင်းတာ မှားပြီလားမသိဘူး။"
ESTÁS LEYENDO
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...