သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၂၃)
မန္တလေးဘက်က အလုပ်ကို လက်ခံလိုက်၍ ဒီဘက်က အလုပ်ပြီးလျှင် မန္တလေးကို တန်းသွားဖို့ ပြင်ဆင်ထား၏။ တင့်ကလည်း လိုအပ်သည့်ဆေးနှင့် အသုံးအဆောင်များကြီးကို သေချာပြင်ဆင်ထားသည်။ ခရီးသွားဖို့က သုံးလေးရက်လောက်သာ လိုတော့သည်မို့ အရေးကြီးတာလေးတွေ ကြိုပြင်ဆင်နေမိ၏။
မင်းသုတကျော်နှင့်အတူ တင့်နှင့်စိမ့်စိမ့်ပါ လိုက်သွားကြမည်ဖြစ်သည်။ ခရီးသွားမည့် အကြောင်းသိရသည့်အခါ အပျော်ကြီး ပျော်နေသူက စိမ့်စိမ့်ဖြစ်သည်။ အကြောင်းမှာ လူဇော့်ကို ရှောင်ဖို့အတွက် အခွင့်အရေးရသလို ခရီးသွားနေသည့် အချိန်အတွင်း ရအောင်ဖြတ်ဖို့ ကြိတ်ကြံနေမိ၏။ မတွေ့ရတာ ကြာသည့်အခါ အလိုလိုပြတ်သွားမည့်အကြောင်း တွေးကာ သဘောကျလို့ မဆုံးပေ။
"မမတင့်...စိမ့် အပြင်ခဏသွားလိုက်ဦးမယ်နော်"
စိမ့်စိမ့်မှာ ခရီးမသွားခင် လိုအပ်တာဝယ်ဖို့ အပြင်ထွက်ချင်လာ၍ ခွင့်တောင်းလိုက်၏။ တင့်ကတော့ စိမ့်စိမ့်ကို သိပ်စိတ်မချပေ။
"ဘယ်လဲ စိမ့်"
"ဈေးထဲခဏပါမမတင့်ရဲ့။ ခရီးသွားရင်လိုအပ်တာလေးတွေ ဝယ်မလို့"
"အပျော်ခရီးထွက်မှာ မဟုတ်ဘူးနော်စိမ့်။ စိမ့်ကိုကိုရဲ့အလုပ်ဆိုက်ထဲမှာ လိုက်နေရမှာ။"
"အင်းပါ မမတင့်ရဲ့။ စိမ့်သိပါတယ်။ ဝယ်ချင်တာလေးရှိနေလို့ပါ။ မကြာဘူး။ ခဏပဲသိလား"
"မြန်မြန်သွားပြီး မြန်မြန်ပြန်ခဲ့နော်။"
"ဟုတ်ကဲ့..."
စိမ့်စိမ့်မှာ ခွင့်ပြုချက်ရသည်နှင့် ပိုက်ဆံလေး လက်ထဲဆုပ်ကာ ဖိနပ်အပါးလေးစီးပြီး ကြွကြွရွရွကလေး ထွက်သွား၏။ စိမ့်စိမ့် ထွက်သွားသည်ကိုကြည့်ပြီး တင့်မှာ သက်ပြင်းချလိုက်မိသည်။ ပြီးမှ ဘေးကထမင်းစားပွဲဝိုင်းပေါ် ကြည့်မိသည့်အခါ ဖုန်းကျန်ရစ်ခဲ့လေသည်။
"ဒီကောင်မလေးကတော့ အရေးအကြောင်းဆို ဒုက္ခပါပဲ"
တင့်မှာ သက်ပြင်းချရင်း ခေါင်းလေးခါလိုက်မိသည်။ ယောက်ျားလုပ်သူနဲ့ယူမှ တော်ရသည့်ယောင်းမပေမဲ့ စိမ့်စိမ့်ကိုတော့ တင့်ချစ်ပါသည်။ ကလေးသာသာ အရွယ်လေးဟု ဆိုရသော်လည်း အသက်က မငယ်တော့ပေ။ နှစ်ဆယ်ကျော်အရွယ်လေး ဖြတ်ဖြတ်လတ်လတ်ရှိလှ၏။ မင်းသုတကျော်က အေးသလောက် စိမ့်စိမ့်က သွက်လွန်းသည်။ သူ့အစ်ကိုနှင့် တင့်ကိုပင် အောင်သွယ်လုပ်ခဲ့သည်ကိုပင်ကြည့်။
![](https://img.wattpad.com/cover/360542587-288-k322614.jpg)
YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...