သူစေညွှန်ရာ ဦးညွှတ်စေ(အပိုင်း ၃၅)
ဆုတောင်းတိုင်းသာပြည့်လျှင် လောက၌ မပျော်သည့်လူဟူ၍ မရှိသလို လူတိုင်းသောကရှိမည်လည်းမထင်ပေ။ မင်းသုတကျော်မှာ သူ ဆုတောင်းထားသည်မှာ တစ်လကျော် နှစ်လပင် ဖြစ်လာစေကာမူ လက်မလျော့ပေ။ ဆုတောင်းနေဆဲဖြစ်လေသည်။
ထို့အပြင် ကိုယ်ဝန်လိုချင်လျှင် ကိုယ်ဝန်ဆောင်ဖူးသည့် အမျိုးသမီးတစ်ယောက်၏ အင်္ကျီကို အိမ်မှာဆောင်ထား၊ ဝတ်ထားလျှင် ကလေးရတတ်သည်ဆို၍ စိမ့်စိမ့်ဆီက ကိုယ်ဝန်ဆောင်အင်္ကျီတစ်ထည်ကို တောင်းယူ၍ တင့်ကိုဝတ်စေသည်။ တင့်က သူစိတ်ချမ်းသာအောင် ဝတ်ပေး၏။
သူ့ယောက်ျား ထိုသို့အမျိုးစုံ ကြိုးကုန် လ်ုက်လုပ်နေရသည်ကို မကြည့်ရက်၍ တင့်ကိုယ်တိုင်လည်း ကလေးမြန်မြန်ရဖို့ ဆုတောင်းနေမိ၏။
ကလေးက မရပေမဲ့ အလုပ်တွေက အပြတ်တောက်လျှောက်ရသည်။ ထို့ကြောင့် သူ့မှာ ကလေးရဖို့အတွက် ကြိုးပမ်းရသလို အလုပ်အဆင်ပြေအောင်လည်း မနည်းလုပ်ရသည်။ အလုပ်တွေက မထင်ထားရလောက်အောင် အဆင်ပြေလာသည်မို့ တင့်ကိုယ်တိုင်ပင် စာရင်းကိုင်ရသည်ထိ ဖြစ်လာသည်။
မောင့်ကို စာရင်းတွေမှတ်ပေးထား။ မောင့်ကို ဒါလေးတွက်ထားပေးပါဦး။ မောင့်ကို ဒီပစ္စည်းစာရင်းလုပ်ပေးပါဦး။ စသည်ဖြင့် မင်းသုတကျော်မှာ တင့်ကို အကူညီတောင်းရသည်။ တင့်ကလည်း ယောက်ျားအလုပ် မိန်းမအလုပ်ဆိုပြီး အရင်ကလို ခွဲခြမ်းမနေဘဲ အကုန်လုပ်ပေး၏။ တင့်ကျန်းမာရေးပြန်ကောင်းပြီး လမ်းလျှောက်နိုင်ပေမဲ့ တင့်စီးပွားရေးကို ပြန်မလုပ်ဖြစ်ပေ။ မင်းသုတကျော်၏ လုပ်ငန်းက အဆင်ပြေနေ၍ လင်မယားနှစ်ယောက်လုံး လုပ်နိုင်သည့် ထိုအလုပ်ကိုသာ ဇောက်ကျလုပ်မိသည်။
"တင့်....မောင်တို့ ခရီးထွက်ရမယ်။ "
"ဘယ်ကိုလည်းမောင်...."
"မန္တလေးကို တင့်"
"အုန်းချောပဲလား...."
"မဟုတ်ဘူးတင့်။ ဒီတစ်ခါ မြစ်သား"
"တင့် ကျန်ရစ်ခဲ့ရမှာလား။ "
သူမျက်နှာမကောင်း ဖြစ်သွားသည်။ ချက်ချင်းဆိုသလို တင့်အနားကို သွားပြီး မျက်နှာကိုဖြတ်ခနဲဆွဲလှည့်သည်။ ထို့နောက် ဖြတ်ခနဲပါးပြင်ကို မွှေးလိုက်၏။
YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...