သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၄)
သူတို့နှစ်ယောက်၏ ချစ်သူသမီးရည်းစား ဘဝမှာပင် ခင်မြတ်တင့် မကြိုက်သည်များကို သူက မလုပ်ဖို့ရှောင်ကျဉ်ခဲ့ပေမဲ့ ခင်မြတ်တင့်ကတော့ သူ မကြိုက်သည့်အရာကို သိလည်း မသိသလို ရှောင်လည်း မရှောင်ခဲ့ပေ။ သူကိုယ်တိုင်ကလည်း သူ မကြိုက်သည့်အရာများကို ပြောဖို့ နူတ်ကဆွံ့အနေခဲ့လေသည်။
ထိုသို့ ဆွံ့အနေခြင်းကပင် ခင်မြတ်တင့်နှင့် သူတို့ ဒုတိယအကြိမ် စကားများခဲ့ကြလေသည်။ ရန်ကုန်နှင့် မိတ္ထီလာကို အိမ်ဦးနှင့်ကြမ်းပြင်လို သွားလာနေသည်ကို သူ မတားသော်လည်း ညဘက်ကြီး အချိန်မတော် ကူးသန်းနေသည်ကိုတော့ သူ ဘဝင်မကျပေ။
"တင့် ရထားချိန်က မနက်ခင်းရထားမရှိဘူးလား။ အမြဲတမ်း အချိန်မတော်ကြီးပဲ သွားလာနေတယ်။ တစ်ခါတလေလေး မနက်ရထားစီးပါလား"
"ဘာဖြစ်လို့လဲ"
ဘယ်တော့မဆို သူက ပြောလျှင် လက်ခံသည်ထက် ဘာဖြစ်လို့လဲဟုသာ ပြန်ပြန်မေးတတ်သည့် ခင်မြတ်တင့်ကို သူ တစ်ခါတလေတော့လည်း ဘဝင်မကျဖြစ်မိသည်။ ညကြီးအချိန်မတော် ရောက်လာသည်ကို သူ မကြိုက်ဘူးဆိုသည့်
အကြောင်း သူ့မျက်နှာကို မြင်ယုံနှင့် လူရည်လည်သည့် ခင်မြတ်တင့် သိသင့်လေသည်။ ဒါမှမဟုတ် သိလျှက်နှင့်ပင် သူ့ကို တမင်တကာ ပြန်မေးနေခြင်းလားဟု ထင်မိလေသည်။"မောင် ဘာလို့ပြောလဲ တင့် မသိဘူးလား"
ထိုအခါ သူ့အမေးကို ခင်မြတ်တင့်က မျက်မှောင်ကြီးကျုံ့လျှက် ကြည့်တတ်သည်။ ထိုအကြည့်တွေက သူ့ကို မေးခွန်းပေါင်းများစွာ ခေါ်ဆောင်လာသလိုပင်။
"တင့် ဘာလို့ညရထားစီးလာတယ် ဆိုတာကိုရော မောင်ကမသိဘူးလား"
ခင်မြတ်တင့်၏ မေးခွန်းကို သူ မဖြေနိုင်ပေ။ တကယ်လည်း သူ မသိပေ။ မသိလို့လည်း ခင်မြတ်တင့်ကို မနက်ရထား စီးလို့မရဘူးလားဟု ပြောနေခြင်းပင်။
"ဒီမယ်မောင်...ရန်ကုန်ကနေ သာစည်ကိုရောက်ဖို့ ရထားကခဏလေးစီးရတာ မဟုတ်ဘူး။ ဟိုကနေ ညရထားစီးမှ ဒီကို မနက်လေးနာရီရောက်တယ်။ ဒါတောင် ရန်ကုန်ကနေ တင့်က ညနေ သုံးနာရီရထားကို စီးလာတာနော်။ တစ်ညလုံးစီးလာမှ ဒီကို မနက်လေးနာရီရောက်တာ။ မောင် လာကြိုတဲ့အချိန်နဲ့ ရွာကိုရောက်တာဆို မနက်ဆယ်နာရီဝန်းကျင်ဖြစ်နေပြီ။ ကဲပြော...တင့်က ရန်ကုန်ကနေ မနက်ရထာစီးလာပါပြီရဲ့ ... မောင်က အချိန်မတော်ညကြီး တင့်ကို လာကြိုရမယ်။ ညဆယ့်နှယ့်နှာရီလောက်ကြီး ရွာကို ပြန်ရောက်မယ်။ မောင်က အဲ့လို လာကြိုချင်လို့လား"
YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...