part 32

1.3K 41 1
                                    

သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၃၂)

လမ်းလယ်ခေါင်၌ ငိုနေသည့်လင်မယားနှစ်ယောက်ကို လူတွေဝိုင်းအုံကြည့်နေကြသလို အကုန်လုံးကလည်း ဘုရားတမမဖြင့် ပြောကြလေသည်။

"ကံသီပေလို့ပေါ့။ အိမ်ထဲမှာ ဒီမိန်းကလေးရှိနေမှန်းမသိဘူး။ "

"ဟုတ်ပကွယ်။ သူ့ယောက်ျားလာမခေါ်ရင် မတွေးရဲစရာပဲ"

"လန့်သွားတယ် ထင်တယ်။ ရေတိုက်လိုက်ကြပါဦးကွယ်"

အသက်ကြီးသည့် အမျိုးသမီးကြီးတွေက ကိုနေသည့် သူတို့လင်မယားကိုကြည့်ပြီး သနားဂရုဏသက်ပြီး ပြောနေကြသလို ရေတိုက်သည့်လူကလည်း တိုက်ကြလေသည်။ အဖေက နောက်ကနေလိုက်လာရင်း တွဲထူဖို့လုပ်ပေမဲ့ သူတို့လင်မယားနှစ်ယောက်လုံး မထဖြစ်သေးပေ။ သူ့ထက် တင့်ကိုသာ ရေအရင်တိုက်နေမိသည်။

ရေသောက်ရင်း ရှိုက်နေသည့် တင့်ကို ချွေးတွေသုတ်ပေးရင်း ကျောပြင်ကိုလည်း ပွတ်သပ်ပေးနေမိသည်။ ရေခွက်ကလေးပြန်ပေးသည်ထိ တင့်မျက်ဝန်းမှာ မျက်ရည်တို့ ပြည့်လျှံနေဆဲဖြစ်သည်။ အားကိုးရသွား၍ သူ့ရင်ခွင်ထဲကနေ မထွက်ပေ။ လွတ်ထွက်သွားမည့်အလား ကြောက်ရွံ့စွာ ဖက်တွယ်ထားလေသည်။

မီးတွေအကုန်ငြိမ်းသွားပေမဲ့ သူတို့အိမ်တစ်ခြမ်းလည်း မီးထဲပါသွားသည်မို့ လောလောဆယ်နေဖို့ အဆင်မပြေပေ။ လူဇော်နှင့် သူ့လူတွေလည်း ရောက်လာပြီး အခြေအနေကို ကြည့်ပေးကြ၏။

"အစ်ကိုတို့ ကျွန်တော့်အိမ်မှာ လောလောဆယ်လိုက်နေလိုက်ပါလား။ အိမ်လည်းပြန်ပြင်ရဦးမယ်ဆိုတော့ လိုက်နေပါ"

"ကိုယ်တို့မလိုက်တော့ဘူး။ တင့်အိမ်မှာပဲ ခဏသွားနေလိုက်မယ်။ တစ်လမ်းထဲဆိုတော့ ကိစ္စရှိမှပဲ အကူညီတောင်းပါ့မယ်"

"ဖြစ်ရဲ့လားအစ်ကို။"

"ဖြစ်ပါတယ်။ ဟိုမှာ အမေနဲ့အမိနှစ်ယောက်ထဲ ကျန်ရစ်ခဲ့တာ။ ပြန်လိုက်ပါဦး။ သူတို့စိတ်ပူနေဦးမယ်။"

"ဒါဆို ကျွန်တော့်လူတွေထားရစ်ခဲ့မယ်။ အစ်ကို ပစ္စည်းတွေရွေ့တဲ့အခါ ကူခိုင်းလိုက်ပါ"

သူစေညွှန်ရာ ဦးညွှတ်စေWhere stories live. Discover now