သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၁၁)
အလုပ်ထဲထိလိုက်လာပြီး သူ့က်ု ရိုက်ဖို့ လုပ်ခဲ့သည့် တင့်ကို သူပြန်တုံ့ပြန်လိုက်သည်မှာ တင့်အတွက် နာစရာဖြစ်လေသည်။ သူ့ကို ပိုလို့ နာကြည်းစိတ်က ခိုအောင်းခဲ့လေသည်။
အလုပ်သိမ်းပြီးသည့်အချိန် မင်းသုတကျော် အိမ်ပြန်လာခဲ့သည်။ အမေနှင့် စိမ့်စိမ့်ကို တွေ့ပေမဲ့ အိမ်ရှေ့မှာ တင့်ကို မတွေ့ရပေ။ ပြန်မရောက်သေးသည်လား။ ဒါမှမဟုတ် သူ့ကို ရှောင်ပြီး အိမ်ထဲမှာ ဝင်အိပ်နေသည်လား မသိရသေးပေ။
"အမေ....တင့်ရော"
"ဟေ...တင့်က သားနောက်ကို လိုက်သွားတယ်လေ"
"ပြန်မလာသေးဘူးလား။"
"အင်း....အမေက သားတို့အတူပြန်လာမယ်ထင်နေတာ။"
အမေနှင့်စိမ့်စိမ့်မှာ သူ့ကို အကဲခက်ကာ ကြည့်နေ၏။ သူ သက်ပြင်းချကာ ထမင်းချိုင့်နှင့် ဘေးလွယ်အိတ်ကို အိမ်မှာထား၍ အပြင်ကို ပြန်ထွက်ခဲ့လိုက်သည်။ သူ တင့်ကိုရှာဖို့အတွက် တင့်၏အိမ်ဘက်ကို လမ်းလျှောက်လာခဲ့သည်။ ရေမိုးမချိုးရသေး၍ သူ့ကိုယ်က ဘိလပ်မြေဖျော်ရည်အစွန်းတို့ဖြင့် ပေကျံနေ၏။ ရေချိုးဖို့ထက် တင့်ကို အရင်သွားလိုက်ခေါ်ဖို့က အရေးကြီးသည်။
တင့်၏ အိမ်ဘက်ကိုရောက်သည့်အခါ မီးလင်းနေသည်ကို တွေ့ရသည်။ အိမ်တံခါးကတော့ ပိတ်ထား၏။ သူခြံထဲဝင်ပြီး အိမ်တံခါးကို ခေါက်လိုက်၏။
"ဘယ်သူလဲ..."
အသံဩရှရှဖြင့် တင့်က အထဲကနေ လှမ်းမေးသည်။ သူ ချက်ချင်းမဖြေဘဲ တံခါးကို ထပ်ခေါက်လိုက်၏။
"ဘယ်သူလဲ..."
"တံခါးဖွင့်...."
သူ့အသံကြားသည်နှင့် သူဘယ်သူဆိုတာကို ပြောပြစရာလိုမည်မထင်ပေ။ သူ့အသံကို တင့်သိမှာပါ။ သို့သော် တင့်က တံခါးလာမဖွင့်သေး။
"တင့်....တံခါးဖွင့်လို့ ကျွန်တော်ပြောနေတယ်လေ"
"မဖွင့်ဘူး...."
တင့်အသံက ရှိုက်သံပါနေသည်။ အလုပ်ထဲမှာ သူအော်လိုက်တာကြောင့် မကျေနပ်သေးသည့်ပုံပင်။

YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...