သူစညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၃၀)
လားရှိုးမှာ သုံးလနီးပါးကြာမည့် အလုပ်ကို သူလင်ခံပြီးကာမှ ရန်ကုန်ကိုပြန်ချင်စိတ်က တားမရ ဆည်းမရ ဖြစ်လာသည်။ အလွမ်းဓာတ်ကို ဖြေဖျောက်ဖို့ တင့်မျက်နှာကို ပြေးကြည့်ချင်နေသည်။ သို့သာ် မဖြစ်နိုင်၍ အလုပ်ထဲမှာသာ စိတ်နှစ်ထား၍ ထိန်းချုပ်ရလေသည်။
"ကိုမင်း...ဘိလပ်မြေအိတ် ထပ်လိုမယ်ထင်တယ်။"
ကျော်ဆွေက အလုပ်တစ်ဖြတ်နားသည့်အခါ သူ့ကို လှမ်းပြောသည်။ ထိုအခါ အလုပ်ထဲ စိတ်မရောက်သည့် သူ့အတွေးများက အလုပ်ဆီပြန်ရောက်လာ၏။ ဒီအလုပ်ကို လက်မခံခင်ထဲက သူတွက်ချက်ထားသည်မှာ အကုန်ကွက်တိဖြစ်သည်။ ယခု ဘိလပ်မြေလိုနိုင်သည့် ကိစ္စကို သူ မစစ်လို့မဖြစ်တော့ပေ။
"အခု ဘယ်လောက်ကျန်သေးလည်း"
"ဆယ့်ခြောက်အိတ် ကျန်သေးတယ်ကိုမင်း"
ဆယ့်ခြောက်အိတ်ဆိုသည်မှာ သိပ်ကိုနည်းလွန်းလှသည်။ သူတို့လုပ်ရမည့် အလုပ်တွေက အများကြီးကျန်သေး၏။ ဆယ့်ခြောက်အိတ်ကျန်သည်ဆိုတာ မဖြစ်နိုင်ပေ။ အလုပ်လုပ်သည့်ရက်နှင့် ကုန်သည့်ပစ္စည်းကို တွက်ကြည့်လျှင် သည့်ထက်မက ကျန်ရမည်ဖြစ်သည်။
"ကျော်ဆွေ..."
"ဗျာ....ကိုမင်း"
"လွမ်းဘိုကို သွားခေါ်လာခဲ့။ ကျန်တဲ့သူတွေ မသိစေနဲ့"
"ဟုတ်ကဲ့ ကိုမင်း"
ကျော်ဆွေမှာ တိုးတိုးတိတ်တိတ်ပင် လွမ်းဘိုကို သွားခေါ်လာ၏။ လွမ်းဘိုရောက်သည့်အခါ ဘိလပ်မြေအိတ်ကိစ္စကို သေသေချာချာပြာပြလိုက်သည်။ လွမ်းဘိုနှင့် ကျော်ဆွေမှာလည်း ပန်းရံလုပ်လာတာ သူနဲ့သက်တမ်းတူမို့ ဘိလပ်မြေဘယ်နှစ်အိတ်ဆို ဘယ်လောက်သုံးရမည်ကို သိကြသည်။ သူတို့ပန်းရံလောကမှာ ဘိလပ်မြေက သုံးချင်တိုင်း သုံးရသည်မဟုတ်။
အဆောင်အဦးခိုင်ခံ့ဖို့အတွက် ဘိလပ်မြေက မများလွန်း မနည်းလွန်းသည့် ပမာဏကို သေချာစပ်တတ်ရသည်။ စပ်ရသည့် အချိုးတိုင်းကို ပန်းရံဆရာတိုင်း အကုန်တတ်ကြသည်။ လေးအချိုးတစ် နူန်းဖြင့်စပ်ကြသလို ခြောက်အချိုးတစ်ဖြင့် စပ်ကြတာလည်းရှိသည်။ တစ်ချို့ပန်းရံဆရာများကလည်း ရှစ်အချိုးတစ်ဖြင့် စပ်ကြသည်။
YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...