သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၁၇)
ဟော့ပေါ့စားပြီး နှစ်ယောက်အတူ ဆိုက်ကားဖြင့် ပြန်လာသည့်အခါ ညနေစောင်းနေပြီဖြစ်သည်။ နေ့လယ်စာစားရင်းက ညနေပါရောက်သွားခဲ့၏။ တင့်အိမ်ကို ပြန်ရောက်သည့်အခါ စိမ့်စိမ့်က အိမ်ထဲထိလိုက်ပို့ပေးသည်။ ပြီးသည်နှင့် တင့်ကပဲ စိမ့်စိမ့်ကို အိမ်ပြန်ခိုင်းလိုက်၏။
"စိမ့်စိမ့်....အိမ်ပြန်လိုက်ဦး။ တော်ကြာ စိမ့်ကိုကိုပြန်လာလို့ အိမ်မှာမရှိရင် ဆူနေဦးမယ်။"
စိမ့်စိမ့်က ပေကပ်ကပ်ကလေး ကြည့်ကာ တင့်ကို မျက်စောင်းထိုး၏။
"မပြန်ပါဘူး။ မမတင့်နဲ့ ကိုကိုက အမျိုးမျိုးပဲ။ တော်ပြီ ဟိုဘက်အိမ်မပြန်တော့ဘူး။ မမတင့်အိမ်မှာပဲ နေတော့မယ်"
"စိမ့် ကိုကိုက ဆူနေပါဦးမယ်"
"ကိုကိုဆူရင် မမတင့်က ပြောပေးပေါ့။ ငါ့ယောင်းမလေးကို ငါခေါ်ထားမယ်ဆိုပြီး။"
"မဖြစ်ပါဘူး စိမ့်ရယ်"
"ဘာလို့ မဖြစ်ရမှာလဲ။ ဖြစ်တာမှ ဖြစ်ဖြစ်နဲ့တောင် မြည်သေး"
စိမ့်စိမ့်ကို ဘယ်လိုမှပြန်လွတ်၍ မရသည့်အခါ တင့် လက်လျော့လိုက်၏။ တော်ကြာ မင်းသုတကျော်က အထင်လွဲမှာလဲ စိုးမိသည်။ စိမ့်စိမ့်ကို ခေါ်ထားဆိုတုန်းက မခေါ်ထားဘဲ ပြန်လွတ်ဆိုကာမှ ခေါ်ထားမည်ဟုပြောလျှင် တင့်ကိုဘယ်လိုထင်မည်မသိပေ။
"ပြောပြီးသားနော် စိမ့်ကို မမတင့်ခေါ်ထား။ ဒါမှမဟုတ် အပြီးမွေးစားလိုက်တော့"
စိမ့်စိမ့်၏ စကားကြောင့် တင့်မှာ ရယ်လ်ုက်မိသည်။
"မွေးစားမလား မမတင့်"
"စိမ့်ကိုကိုက ပေးချင်ဦးမှကို "
"ကိုကိုကပေးရင် တကယ်မွေးစားမလား"
"မွေးစားမယ်...တကယ်နော်..."
"အင်း...."
"အဲ့ဒါဆိုရင် ကိုကိုလာရင် ပြောလိုက်တော့မယ်။"
တင့်မှာ စိမ့်စိမ့်ကို သဘောကျစွာ ကြည့်ရင်းရယ်လိုက်မိတော့သည်။ ညနေ အလုပ်သိမ်းချိန်ရောက်သည့်အခါ မင်းသုတကျော်မှာ တင့်အိမ်ရှေ့ကို လိုက်လာ၏။ မျက်နှာလည်း မှုန်သုန်နေလေသည်။
YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...