သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၂၈)
မိုးလင်းသည့်အခါ အခြေအနေတွေသည် ဖြေရှင်းဖို့ အကောင်းဆုံးဖြစ်နေ၏။ လူဇော်သည် သူ့မိဘတွေကို ဖုန်းဆက်ပြီး လှမ်းခေါ်ထားသလို တင့်ကလည်း ယောက္ခထီးနှင့် ယောက္ခမကိုညကတည်းက ဖုန်းဆက်အကြောင်းကြားထားခဲ့သည်။ သို့သော် နေ့တွင်းချင်း အရောက်လာမည်ဆိုသော်လည်း ညနေမှ ရောက်ကြမည်ဖြစ်သည်။ ဒါတောင် ညကတည်းက ကြိုတင်အကြောင်းကြားထား၍ ဖြစ်သည်။
စိမ့်စိမ့်ကိစ္စကို စီစဉ်ရန်အတွက် တင့်နှင့် မင်းသုတကျော်မှာ စကားမပြောဘဲနေ၍ မရပေ။ စကားက ပြောမှဖြစ်မည့် အနေအထားဖြစ်လေသည်။ သို့သော် တင့်က ဘာမှ ထွေထွေထူးထူးမပြောသလို စိမ့်စိမ့်အတွက် လိုအပ်တာလောက်ကိုသာပြောလေသည်။ တစ်မနက်လုံး တင့်မျက်နှာကိုကြည့်နေသည့် မင်းသုတကျော်မှာ စကားပြောဖို့ အခွင့်အရေးကို စောင့်နေ၏။
တင့်ကို သူက စကားပြောဖို့လုပ်ပေမဲ့ စိမ့်စိမ့်က တစ်ချိန်လုံး တင့်အနားကနေ မခွာ၍ သူ့မှာ ပြောဖို့အခွင့်မရပေ။ ဒီကြားထဲ၌ လူဇော်ဆိုသည့် တစ်ယောက်ကလည်း သူ့အနားကနေ မခွာဘဲ လိုအပ်တာတွေကိုသာ တတွတ်တွတ်မေးလေသည်။ သူ့မှာ မဖြေချင်သော်လည်း ဝတ္တရားရှိနေ၍ ဖြေနေရ၏။
"ဧည့်ခံဖို့အတွက် လိုအပ်တာတွေကို ကျွန်တော့်လူတွေကို လာပို့ခိုင်းထားပါတယ်။ တခြားဘာလိုဦးမလဲ"
"ဘာမှမလိုပါဘူး။ အဆင်ပြေရင် ပြီးတာပဲ"
"တစ်ခါထဲတောင်းတာဆိုတော့ ရပ်ကွက်လူကြီးနဲ့ လမ်းလူကြီးတွေကို ခေါ်ထားမှနဲ့တူတယ်"
"အင်း...ခေါ်ရမှာပေါ့"
"ကျွန်တော့် မိတ်ဆွေတစ်ချို့ကိုလည်း ခေါ်ထားပါတယ်။ အစ်ကိုတို့ဘက်ကရော မိတ်ဆွေတွေဖိတ်ဦးမလား"
သူ စိတ်တိုချင်မိသည်။ သူက ရန်ကုန်ဇာတိမဟုတ်ပေ။ အခုလိုပွဲမျိုးကိုလည်း အခုဖုန်းဆက်ပြီး အခုဖိတ်လို့မကာင်းပေ။ အချိန်ယူပြီးမှ လုပ်ရသည့်ပွဲဖြစ်သည်။ အခုအလောတကြီးလုပ်သည့်အခါ သူ့မှာ ဘယ်သူ့ကိုမှ ဖိတ်စရာရှိမနေပေ။ အလုပ်ဆိုက်ထဲက ကျော်ဆွေနှင့် လွမ်းဘိုကိုသာ ဖိတ်ထားရ၏။ လူကြီးအနေနဲ့ ဦးနေနှင့်မချွဲပုံတို့လင်မယားကိုသာ မျက်နှာပူပူနှင့် ဖုန်းဆက်ပြီး လှမ်းခေါ်ထားရလေသည်။ ဒါကို အခုမှ ဖိတ်ဦးမလားဆိုတော့ သူ့ကို မျက်နှာလာပြောင်နေသလိုပင်။
BẠN ĐANG ĐỌC
သူစေညွှန်ရာ ဦးညွှတ်စေ
Lãng mạnကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...