"ဒီခွေးက တကယ်ကြီး စကားပြောတတ်တယ်ဟ"
ထွင်ထျန်းဟာ၏ စကားကိုကြားလျှင် အိမ်လေးထဲမှ လူများက တအံ့တသြ ဖြစ်သွားကြသည်။
"ဦးလေးကျို.. ဒါက ဒုတိယတန်းစား ခွေးလား"
ပိန်ပိန်ပါးပါး လူငယ်လေး တစ်ယောက်က သားသတ်သမားနှင့်တူသော အမျိုးသားကို စီးကရက် မီးညှိပေးရင်း မေးလိုက်သည်။
ဦးလေးကျိုက ချက်ချင်းပင် ခေါင်းခါယမ်းလိုက်သည်။
"ဒီခွေးက ဒုတိယတန်းစား သားရဲ မဟုတ်တာ သေချာတယ်"
ထိုအချိန်တွင် ဝေ့ကျစ်နှင့် ထွင်ထျန်းဟာ တို့က ဤနေရာရှိ လူတိုင်း၏ ခွန်အားကို အကြမ်းဖျင်း တွက်ဆခဲ့ကြသည်။
သားသတ်သမားနှင့် တူသော ဦးလေးကျိုက ရွှေအမြူတေ အဆင့်တွင်သာ ရှိသော်လည်း နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းတွင် သာမန်မဟုတ်ကြောင်း သူတို့ အကဲခတ်မိသည်။
ဆိုရလျှင် ဦးလေးကျိုက နတ်ဆိုးမုဆိုးများ အဖွဲ့၏ နှစ်ရှည်လများ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သည်။
သူက ဝိညာဥ်သားရဲများကို အကဲဖြတ်ရာတွင် အလွန် အတွေ့အကြုံ ရှိ၏။
ဦးလေးကျိုက ထွင်ထျန်းဟာ၏ အမွေးကိုစိုက်ကြည့်ကာ ပြောလိုက်သည်။
"ပုံမှန်အားဖြင့်တော့ ဝိညာဥ်သားရဲတွေက ဒုတိယတန်းစား မရောက်ခင်မှာ ဘာသာစကား မတတ်ကြဘူး.. ဒီခွေးက အရမ်းထူးခြားတယ် ဆိုတာ ရှင်းနေတယ်"
ဦးလေးကျိုက ဆေးလိပ် မီးခိုးကို မှုတ်ထုတ်လိုက်ပြီး ဝေ့ကျစ်ကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။
"ဒါနဲ့ ညီနောင်.. ဒီခွေးကို ဘယ်ကနေ ရလာတာလဲ"
ဝေ့ကျစ် ခေါင်းကုတ်လိုက်သည်။
"သူငယ်ချင်း တစ်ယောက်ဆီက ခိုးလာတာပါ... သူကတော့ လူကောင်းတစ်ယောက်ပါ.. သူ့မိသားစုက တိရစ္ဆာန်အရောင်းဆိုင် တစ်ခု ဖွင့်ထားတယ်.. သူတို့ဆီမှာ ထူးခြားဆန်းပြားတဲ့ တိရိစ္ဆာန်တွေ အများအပြား ရှိတယ်.. ဒီခွေးလေးကို ပထမဆုံး မြင်လိုက်ကတည်းက သာမန်ခွေးတစ်ကောင် မဟုတ်မှန်း ခံစားမိတဲ့ အတွက် ခိုးယူလာခဲ့တာပဲ"