"လဲ့အာ သားကို ခနခနချွေးသုတ်ပေးနော်....အဖျားရှိန်ကနဲနဲကျန်သေးတယ်...သတိနဲ့အိပ်..."
"ဟုတ်ကဲ့ အကိုလေး...."
"ညတရေးနိုးလို့ ရေတောင်းရင် ရေခဲရေမတိုက်နဲ့ ကြားလား...."
"စိတ်ချပါ အကိုလေးရဲ့....ကျွန်မဂရုစိုက်လိုက်ပါ့မယ်...."
ရှောင်းကျန့်အခန်းထဲမှာဖုန်းပြောနေရာမှ သားဖြစ်သူကို စိတ်မချတာကြောင့် သူတို့အခန်းဝရောက်တဲ့အထိ လဲ့မေ့ကို တတွတ်တွတ်မှာနေတဲ့ ရိပေါ်အသံကိုကြားနေရသည်။
အခန်းထဲဝင်လာတော့လဲ ရှောင်းကျန့်ဖွထားသမျှကို သိမ်းတန်သိမ်း ထည့်တန်ထည့်နဲ့လိုက်လုပ်နေသေးသည်။ဒါတင်မက သော့တန်းလန်းနဲ့ ဖွင့်ထားတဲ့ ဗီရိုတံခါးတွေ ဆွဲပိတ် သော့ပြန်ခတ်နဲ့ တယောက်ထဲအလုပ်တွေရှုပ်နေရကာ အကုန်ပြီးစီးသွားမှ အိပ်ယာအစွန်းမှာ ဝင်လှဲလိုက်တဲ့ရိပေါ်ကိုလိုက်ကြည့်ရင်းမှ
"အဲ့ဒါဆို ဒါဘဲ....မနက်မှတွေ့မယ်...."
ရှောင်းကျန့်ဖုန်းသာပြောနေရတာ သူ့မျက်လူံးတွေက အကုန်တတောက်တောက်နဲ့လုပ်ကိုင်သွားတဲ့ရိပေါ်ဆီသာ ကပ်ညှိရသည်မို့ ရိပေါ်လှုပ်ရှားမှုတိုင်းကို မြင်တွေ့နေရသည်သာ။
ထိုစဉ် သူတို့ခုတင်ဘေးက တယ်လီဖုန်းဆီမှ အသံထမြည်လာခဲ့သည်။အိပ်ယာပေါ်လှဲနေတဲ့ ရိပေါ်က ဖုန်းသံကြားမှ အလူးအလဲထလာတာမို့ ရှောင်းကျန့်မျက်မှောင်ကျုံ့ကြည့်လိုက်မိသည်။ ရိပေါ်ကထိုအကြည့်ကို နားလည်သည့်အလား
"ကျနော် ဖေဖေနဲ့ ဖုန်းချိန်းထားတာရှိလို့...."
ထိုတခွန်းသာပြောပြီး ခုတင်ပေါ်က ဆင်းကာ ရှောင်းကျန့်အိပ်တဲ့ဘေးတဖက်မှာ ရပ်ရင်း ဖုန်းပြောနေပေသည်။
*ဖုန်းပလပ်ကြိုးကရှည်တာပဲ ယူခိုင်းရင် ဘာဖြစ်သွားမှာမို့လဲ....*
တယ်လီဖုန်းကရှောင်းကျန့်အိပ်တဲ့ဘက်အခြမ်းမှာရှိတာမို့ သူ့ကိုမခိုင်းဘဲ ဆင်းလာတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်အလိုမကျဖြစ်သွားရကာ မျက်နှာကမကြည်လင်တော့ပေ။
ခေါင်းအုံးကိုထောင်ကာ ကျောနဲ့ကပ်ပြီး ခပ်လျှောလျှောမှီချလိုက်ပြီး စီးကရက်ကို နှုတ်ခမ်းမှာတပ်ရင်း ရှောင်းကျန့်မီးညှိလိုက်သည်။