"မုန်းရင်လဲ မုန်းသလို၊မကြေနပ်ရင်လဲ မကြေနပ်သလို နေပြလိုက်ပါလား ရိပေါ်ရယ်....အခုတော့ နင့်ဟာကဟယ်...."
လေလှိုင်းထဲကတဆင့်တိုးဝင်လာတဲ့ အမ်မလီအသံက အားမရခြင်းများစွာဖြင့်သာ။ရိပေါ်ကတော့ သူမပြောသမျှကိုသာ ငြိမ်ပြီးနားထောင်နေမိသည်။
"နင်ဘာလို့ အဲ့လောက်တောင်သီးခံနေတာလဲ....နင်ကချို့ချို့တဲ့တဲ့ထဲကမို့လား....ပုံဆိုးပန်းဆိုးနဲ့မို့လား....ကိုယ်ပိုင်အစွမ်းအစမရှိတဲ့သူမို့လား.....ငါဖြင့် နားကိုမလည်တော့ဘူး တကယ်ပြောတာ....."
သူပဲပြောသူပဲအားမလိုအားမရတွေဖြစ်နေတဲ့ အမ်မလီက အရင်လိုမပြောင်းလဲသေး။တုံးတိုက်တိုက် ကျားကိုက်ကိုက်ဖြင့် တဇွတ်ထိုးလဲဆန်တက်ပါသေးသည်။
အမ်မလီမပြောင်းလဲသလို သူလဲမပြောင်းလဲသေးပါချေ။အရာရာကို စဉ်းစားချင့်ချိန်ကာ ဝေဖန်ပိုင်းခြားနေရင်းကဘဲ အချိန်တွေကုန်မှန်းမသိ ကုန်နေခဲ့ရသည်မလား။
"ငါ့မှာတော့ သူငယ်ချင်းလေးတယောက်ရှိပါတယ် အိမ်ထောင်အရင်ကျသွားလို့.....အချစ်ရေးရာများ တိုင်ပင်အကြံပေးနိုင်မလားလို့ ထင်မိပါတယ်.....သူကဖြင့်.....ဟင်း....."
"နင်ပြောလဲ ခံရတော့မှာဘဲ.....ငါမှမသိတာကို...."
ရိပေါ်ရဲ့အပြောကြောင့် တဖက်မှ အမ်မလီစကားသံခနတိတ်သွားကာ
"ရိပေါ်....နင်အမှန်တိုင်းဖြေနော်.....တခါမှသူ့ကို ရင်မခုန်ခဲ့ဖူးဘူးလား.....မချစ်ခဲ့ဖူးလား...."
"ဘယ်လို...."
"ဒီလိုဟာ.....သူနဲ့နင် မျက်လုံးချင်းဆူံလိုက်ရင်တို့....သူနင့်ကို ဖက်လိုက်တာတို့ နမ်းလိုက်တာတို့ဆို....အဲ့လိုအချိန်နင်စိတ်လှုပ်ရှား ရင်ခုန်လားမေးတာ....."
အမ်မလီအမေးကြောင့် ရိပေါ်ကိုယ်တိုင်လဲ စိတ်ထဲတမျိုးတမည်ဖြစ်သွားရပေမဲ့ သူနဲ့ကိုယ့်ကြား အဲ့လိုတွေရှိခဲ့ဖူးလို့လား။
"ဟဲ့....အဲ့လိုအနေအထားတွေ မရှိဘူးလို့တော့ မပြောနဲ့နော်.....ရှိလို့ ထွက်လာတဲ့ နင့်သားက သက်သေပဲ...."
မဖြေဘဲ တိတ်နေတဲ့ ရိပေါ်ကို ရဲရဲတင်းတင်းကြီးပြောချလိုက်တဲ့ အမ်မလီစကားကြောင့် ဖုန်းပြောနေသည့်တိုင် မျက်နှာကို ရေနွေးငွေ့နဲ့ ဟပ်ခံလိုက်ရသလို ဖျင်းခနဲ ပူနွေးသွားရသည်။