ရေချိုးဆောင်ထဲတွင် ကျော်ဇော နှုတ်ခမ်းမွှေးရိတ်နေသည်။
ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ သူ ကိုစိုင်းမာန်နှင့်ချိန်းထား၏။
အရင်တစ်ပတ်ကလိုပဲ ကိုစိုင်းမာန်က သူ့ကိုလာခေါ်မည်ဟု ဖုန်းဆက်ထားသည်။
ကျော်ဇော မုတ်ဆိတ်ရိတ်ရင်း တွေးနေမိပြန်တာက အရင်တစ်ပတ်က ကလောမှာ ကိုစိုင်းမာန်နှင့်သူ ဖက်မိသွားသည့်ကိစ္စကိုပင်။
မတော်တဆ ဖက်မိသွားတာထက် ကိုစိုင်းမာန်က သူ့ကို ဆွဲဖက်လိုက်တာများ အင့်ကနဲတောင် နေသည်။
ပြန်တွေးမိတိုင်း ကျော်ဇော ရင်တုန်ရစမြဲမို့ အခုလည်း လက်တုန်ပြီး မေးစေ့မှာ ဓားရှသွား၏။
"အ"
သွေးထွက်လာတော့ သူချက်ချင်း ရေဆေးချလိုက်ပြီး သူ့မျက်နှာချောချောလေးကို မှန်ထဲမှာ သေချာ ကြည့်မိသည်။
"ကျစ်...ပလာစတာ ကပ်ရတော့မယ်"
သူ မျက်နှာသစ်ပြီး သွားတိုက်နေတုန်း ရှိန်ဇေက အင်္ကျီကျွတ်နဲ့ ရေချိုးဆောင်ထဲကို ဝင်လာ၏။ ရှိန်ဇေ့လက်ဖျံမှာ ဖျက်ထားတဲ့ တက်တူးတောင် တော်တော်မှိန်သွားပါပြီ။
"ရှိန်ဇေ"
"အင်း"
"ငါ မင်းကို ဝန်ခံစရာရှိတယ်"
"လာပြန်ပြီလား"
နောက်မှ သိရင် ပိုဆဲခံရမှာမို့ သူနှင့်ကိုစိုင်းမာန်အကြောင်းကို ကျော်ဇော ခုကတည်းက ပြောပြထားတာ ပိုကောင်းလိမ့်မည်။
"ဟိုလေ..."
ရှိန်ဇေက မုတ်ဆိတ်ရိတ်နေရင်းက တစ်ခုခု ပြောဖို့အရေး တွန့်ဆုတ်နေသည့် သူ့ကို အကဲခတ်သလို တစ်ချက် ကြည့်သည်။
"ပြောလေ...ဘာလဲ"
ကျော်ဇော ရင်တုန်လာပြန်တော့ သူ့ခါးသာသာရှိသည့် ရေကန်ထဲကနေ ရေတစ်ခွက် အရင် လောင်းချိုးလိုက်ပြီးမှ...
"ငါနဲ့ ကိုစိုင်းမာန်..."
ကိုစိုင်းမာန်ရဲ့နာမည်ကို ကြားတာနဲ့ရှိန်ဇေ့နားရွက်တွေ ထောင်သွားကြကာ...