"သွေးလည်ပတ်မှုလည်း ကောင်းနေပါတယ်"
မော်ကွန်းတို့ရဲ့ မိသားစုဆရာဝန်က
ရီယန့်ရဲ့ကျန်းမာရေးအခြေအနေကို နှစ်ပတ်တစ်ကြိမ် လာစစ်ဆေးပေးလေ့ရှိသည်။"ကျွန်တော့်ခင်ပွန်း အလုပ်ပြန်လုပ်လို့အဆင်ပြေပါ့မလား Doctor"
"ပင်ပန်းမယ့်အလုပ်မျိုး မဟုတ်ရင်တော့ အဆင်ပြေပါတယ် ကိုမော်ကွန်း"
အိမ်မှာပဲ နေနေရတာ တစ်လလောက်ကြာပြီဆိုတော့ ရီယန်က ပန်းဆိုင် ပြန်ဖွင့်ချင်နေတာဖြစ်သည်။
"ဒါဆို ဆိုင်ကို ပြန်မွမ်းမံဖို့ကိစ္စ ကိုယ် စီစဥ်ပေးမယ်နော် ရီယန်"
"ဟုတ်ကဲ့ ကိုမော်"
"အိမ်ကရော ဒီအတိုင်းပဲ ထားမှာလား"
"ကျွန်တော်က အဲဒီအိမ်ကို ဖြိုချပစ်ချင်ပေမယ့် ကိုမော်ဝယ်ထားတဲ့အိမ်ဖြစ်သွားပြီဆိုတော့ ကိုမော့်သဘောပါ"
"ဖျက်လိုက်တာ ကောင်းမယ်လို့ ကိုယ်လည်းထင်တယ်...လွတ်သွားမယ့် အိမ်နေရာမှာ ပန်းဥယျာဥ်ကို ထပ်ချဲ့ပေးမယ်...ပြင်လက်စနဲ့ ပန်းဆိုင်ကိုလည်း ရီယန်ကြိုက်တဲ့ပုံစံအသစ် ဆောက်ကြတာပေါ့...အဆင်ပြေလား"
"ဟုတ်...ကျေးဇူးတင်ပါတယ် ကိုမော်"
ဒီနေ့က စနေနေ့ဆိုပေမယ့် ရီယန် ကျန်းမာရေးစစ်ဆေးတဲ့နေ့မို့ မော်ကွန်း ရုံးမသွားဘဲ အိမ်မှာပဲ အလုပ်လုပ်ဖြစ်ပါသည်။
သူ အိမ်အောက်ထပ်က Living room ထဲတွင် Laptop သုံးနေစဥ် Bay window နားမှာထိုင်နေတဲ့ ရီယန်က သူတို့အိမ် နောက်ဘက်ရှိ မြက်ခင်းပြင်ကျယ်ပေါ်တွင် ဘောလုံးပစ်နည်းကစားကြဖို့ စိုင်းပြင်းနေတဲ့ ကလေးတစ်သိုက်ကို ငေးလျက်ရှိသည်။
"အစ်ကိုရီယန်...ကျွန်တော်တို့နဲ့လာကစားလေ"
မော်ကွန်းရဲ့ညီဝမ်းကွဲလေး တစ်ယောက်က လှမ်းခေါ်တော့ ရီယန်က သူ့အား ခွင့်တောင်းသလို ကြည့်လာသည်။
"ရီယန် သွားကစားချင် ကစားလေ...တအားတော့ မပြေးနဲ့နော်"
"ဟုတ်ကဲ့"
ရီယန် အိမ်ပြင်ကို ထွက်သွားတော့
မော်ကွန်း အလုပ်လုပ်တဲ့နေရာကို Bay Window နားရွှေ့လိုက်ပြီး အလုပ်လုပ်နေရင်း တစ်ချက် တစ်ချက် ရီယန့်ကို လှမ်းကြည့်နေရသည်။