"အဆောင် ပြန်တော့မှာလား"
ကျော်ဇောတို့တွေ ညစျေးထဲမှာ လည်ပြီးနောက် ကိုစိုင်းမာန်က မေးလာခြင်း။
သူ ဖုန်းနာရီကို ကြည့်လိုက်တော့ ၇နာရီနဲ့၁၅မိနစ်။
"တစ်နာရီလောက် ထပ်နေပြီးမှ ပြန်မယ်"
သူတို့နှစ်ယောက်ကြားက ပြဿနာကို ပြေလည်အောင် မဖြေရှင်းရသေးဘူးလို့ ကျော်ဇော ထင်တာကြောင့်ပင်။
မဟုတ်ရင် တစ်ညလုံး သူ့စိတ်ထဲ တနုံ့နုံ့ဖြစ်နေတော့မှာ။
"ဒါဆို အိမ်ကိုပဲ သွားရအောင်...၈နာရီခွဲလောက်ကျ အဆောင်ကို ပြန်လိုက်ပို့ပေးမယ်"
ကျော်ဇော ခေါင်းညိတ်လိုက်ပါမှ ကိုစိုင်းမာန်က ကားတံခါးကို ဖွင့်ပေးသည်။
ညစျေးကနေ အိမ်ကို ပြန် ရောက်တော့ ကျော်ဇော ရေချိုးခန်းထဲ ဝင်လိုက်၏။
သူ မျက်နှာသစ်၊ သွားတိုက်ပြီး ဧည့်ခန်းကို ပြန်ထွက်လာသည့်အခါ
ကိုစိုင်းမာန်က အဝတ်မလဲသေးဘဲ ဝိုင်သောက်နေသည်။အညိုရောင် shirt လက်ရှည်နှင့်ဆင်စွယ်ရောင် pleated pant ကို ပေါ့ပေါ့ပါးပါး ဝတ်ထားတာတောင် သိပ်ကြည့်ကောင်းလွန်းသည့် သူ့ဘဲကြီးက
Sofa ပေါ်တွင် ခြေတစ်ဖက်ချိတ် ထိုင်လျက် လက်တစ်ဖက်က Sofa နောက်မှီပေါ်တင်ထားကာ တစ်ဖက်ကတော့ ဝိုင်ခွက်ကို အသာ ဝေ့နေပါ၏။
ဖန်ခွက်ထဲက ဝိုင်ကို ထိုကဲ့သို့ ဝေ့ပေးရင် ဝိုင်ရဲ့အနံ့၊အရသာကို ပိုကောင်းစေသည်ဟုတော့ ကျော်ဇော ကြားဖူးပေမယ့် ကိုစိုင်းမာန်လိုတော့ အထာကျကျ မသောက်တတ်ပေ။
သူ ကိုစိုင်းမာန်နှင့်မျက်နှာချင်းဆိုင် Sofa ပေါ်တွင် ဝင်ထိုင်လိုက်ပြီး ကိုစိုင်းမာန် ငှဲ့ပေးထားသည့် ဝိုင်ခွက်ကို ယူမော့လိုက်သည်။
"ကိုယ့်ကို စိတ်ကောက် မပြေသေးဘူးလား"
ကျော်ဇော ထိုလူ့ကို တမင် ရှောင်ဖယ်နေမိတာတွေက စိတ်ကောက်နေသေးလို့လည်း ဟုတ်ပေမယ့် တခြားအကြောင်းအရင်းလည်း ရှိပါသေး၏။
"သေချာ တွေးကြည့်လိုက်မှ ခင်ဗျား ကျွန်တော့်ကို တစ်ပတ်လုံးလုံး မဆက်သွယ်ဘဲ နေနိုင်တယ်နော်"