"ကျွန်တော် ဒီ Sunday မအားဘူး ကိုကို...အောင်ပန်းက ကျွန်တော့်သူငယ်ချင်းတွေ လာလည်ကြမှာ"
ကျော်ဇောဆီက Message ကို ဖတ်ပြီး
စိုင်းမာန် "Okay" ဟုသာ reply ပြန်လိုက်သည်။အောင်ပန်းက သူငယ်ချင်းတွေဆိုတော့ ရွှန်းဆိုတဲ့ ကောင်မလေးလည်း ပါကောင်းပါနိုင်ပေမယ့် သူ မမေးမိ။
မေးလိုက်ခါမှ ကျော်ဇော အာရုံစိုက်မိသွားမှာကို မလိုလား၍ပင်။
သူတို့နှစ်ယောက် ဒီတစ်ပတ် မတွေ့ဖြစ်ကြတော့ စိုင်းမာန်လည်း စနေနေ့ညနေကတည်းက နန်းရိပ်လုံကို ပြန်လာခဲ့သည်။
သူ မိသားစုအိမ်ကို မရောက်တာ တစ်လလောက်ကြာပြီဆိုပေမယ့် အမေက သူ့အခန်းကို သန့်ရှင်းပေးထား၏။
စိုင်းမာန် ပေါ့ပေါ့ပါးပါး အဝတ်တစ်စုံလဲပြီး အောက်ထပ်သို့ ဆင်းသွားလိုက်တော့ အမေတို့က အိမ်နောက်ဘက်ရှိ စိုက်ခင်းထဲတွင် ဟင်းသီးဟင်းရွက်တွေ ခူးနေကြသည်။
"ပြောင်းဖူးတွေရော ချိုးလို့ရပြီလား အမေ"
"ရပြီ သားကြီး...ဆယ်ဖူး လောက် ချိုးလိုက်...ညကျ အမေ ပြုတ်ပေးမယ်"
"ဟုတ်ကဲ့"
"ဒီမှာ ပလိုင်း"
အမေ ကမ်းပေးသည့် ပလိုင်းကို လွယ်ကာ စိုင်းမာန် ပြောင်းဖူးပင်တွေကြား တိုးဝင်ခဲ့သည်။
တအားလည်း မနုတော့သလို သိပ်လည်းမရင့်သေးတဲ့ပြောင်းဖူးတွေကို တစ်ဖူးချင်း ချိုးပြီး လွယ်ထားတဲ့ပလိုင်းထဲ ထည့်လိုက်၏။
"ဦးမာန်"
"ဗျား"
"မီးမီး ပြောင်းဖူး အရုပ်မ လိုချင်တယ်"
"ဦးမာန် ချိုးလာပေးမယ် မီးမီး... ပြောင်းပင်တွေကြား ဝင်မလာနဲ့နော်...အရွက်တွေ ရှတတ်တယ်"
"လှလှလေး ချိုးပေးနော်...ဆံပင်ရှည်ကြီးနဲ့နော်"
"အောခ"
စိုင်းမာန် ပလိုင်းထဲ ပြောင်းဖူးတွေချိုးထည့်ပြီးသွားတော့ သူ့တူမလေး မိုမို ကစားဖို့အတွက် ပြောင်းဖူး အရုပ်မ လှလှလေး ရှာပေးရသည်။