"ငါ့ကို ခဏစောင့်ဦး"
"ရတယ် အေးဆေး"
ခွန်းနောင်က သူ့ကို အဆောင်သို့ ပြန်လိုက်ပို့တော့ စိုင်းဟန်လျန်း အတန်းသွားဖို့အတွက် ခပ်သွက်သွက် ပြင်ဆင်ရသည်။
"ဟန်စိုင်း"
စိုင်းဟန်လျန်း သူ့အခန်းရှေ့တွင် ရပ်နေသည့် ခိုင်မြဲရန်ရဲ့မျက်နှာကို ရှုတည်တည်ဖြင့် ကြည့်လိုက်မိ၏။
"မနေ့က ကိစ္စအတွက် ငါ တောင်းပန်ပါတယ်"
အဆောင်မှာ တခြားသူငယ်ချင်းတွေလည်း ရှိနေကြတာမို့ စိုင်းဟန်လျန်း ဒေါသကိုထိန်းကာ
"ငါ အတန်းချိန်နီးနေပြီ...ပြန်လာမှ မင်းနဲ့စကားပြောမယ်"
ဟုသာ ဆိုပြီး အဆောင်ထဲကနေ ထွက်လာခဲ့ပါသည်။
ခိုင်မြဲနှင့်သူ့ကြားမှာ ဘယ်လိုဖြေရှင်းသင့်လဲဆိုတာ စိုင်းဟန်လျန်း မနေ့ညကတည်းက စဥ်းစားထားပြီးသား ဖြစ်သည်။
ဒီနေ့ညနေ သူ ကျောင်းကနေ ပြန်ရောက်ချိန်က ညနေ ၄နာရီ။
ခိုင်မြဲက ကြော်ငြာတစ်ခုရိုက်နေတာမို့ အပြန်နောက်ကျမယ်လို့ စာပို့ထားတော့
သူလုပ်စရာရှိတာ လုပ်ရင်းစောင့်နေလိုက်သည်။ည ၇နာရီလောက် ခိုင်မြဲ ပြန်ရောက်လာပေမယ့် သူတို့နှစ်ယောက် ည ၈ နာရီလောက်မှ အိမ်ရှေ့လမ်းပေါ်တွင် တွေ့ဖြစ်ကြ၏။
"အိမ်ထဲမှာပြောလည်း ရသားပဲ ဟန်စိုင်း"
"တခြားသူငယ်ချင်းတွေ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ အပြင်မှာတွေ့ဖို့ချိန်းတာ...လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကို သွားရအောင်"
အဆောင်ကနေ လက်ဖက်ရည်ဆိုင်ကို သွားသည့်တစ်လမ်းလုံး စိုင်းဟန်လျန်း ဘာစကားမှ မပြောဖြစ်ပေ။ ကဖေးရဲ့ လူရှင်းသည့် တစ်နေရာတွင် ထိုင်ကာ လက်ဖက်ရည်နှစ်ခွက်မှာပြီးမှ စိုင်းဟန်လျန်း သူနှင့်မျက်နှာချင်းဆိုင်ရှိ ခိုင်မြဲရဲ့မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။
"ငါ အခုပြောမယ့် စကားတွေကို သေချာနားထောင် ခိုင်မြဲ"
"အင်း"