🐯Chapter 3
မိနစ်အနည်းငယ်ကြာပြီးနောက် ကြယ်ဆိပ်ကမ်း၌ ယာဉ်စုတစ်စု ဆိုက်ကပ်လာသည်။ ထောင်ပေါင်းများစွာသော ကြယ်စင်များ တောက်ပလျက်ရှိပြီး မြင်ကွင်းမှာ ကျက်သရေရှိတင့်တယ်သည့်အပြင် ခမ်းနားကြီးကျယ်လှပသည်။ ကြယ်သင်္ဘောတိုင်း၌ အင်ပါယာနှင့် တော်ဝင်တံဆိပ်များပါရှိပြီး အကြီးဆုံးကြယ်သင်္ဘောတံခါးက ပွင့်လာသည်။
ကိုယ်ရံတော်သက်တော်စောင့်များ ခြံရံလျက် အမျိုးသားတစ်ဦး ဆင်းလာသည်။
ဆိပ်ကမ်းတွင် လူပေါင်း သိန်းသောင်းချီကာ ရှိနေသော်လည်း အပ်ကျသံပင် မကြားရချေ။ မည်သူကမျှ စကားတစ်ခွန်း မပြောရဲပေ။
ဧကရာဇ်အရှင်က စကားများများ ပြောရခြင်းအား မနှစ်သက်ချေ။ အင်တာနက်၊ မဂ္ဂဇင်းနှင့် သတင်းများ၌ပင် ဧကရာဇ်၏ ဓာတ်ပုံဟူ၍ လက်ချိုးရေတွက်နိုင်ပြီး ထိုပုံများ အားလုံးမှာလည်း လူသားအသွင်နှင့်သာ ဖြစ်သည်။ ဧကရာဇ်၏ သားရဲသဏ္ဌာန်အား မည်သည့်နေရာတွင်မျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။
ဤလူက နှစ်ပေါင်းများစွာအတွင်း အင်ပါယာ၏ အထူးကဲဆုံးသော ဧကရာဇ်ပင်။ သူ၏ လွန်ကဲသောစိတ်စွမ်းအင်နှင့်အတူ ရက်စက်ကြမ်းကြုတ်မှုမှာ နာမည်ကျော်လှသည်။ ထီးနန်းဆက်ခံချိန်၌ ဧကရာဇ်မှာ အသက် ၂၀ အရွယ်သာ ရှိသေးသည်။ ဤခေတ်၌ သာမန်လူတစ်ဦး၏ သက်တမ်းမှာ အနှစ် ၅၀၀ ဖြစ်သောကြောင့် ဧကရာဇ် ထီးနန်းဆက်ခံချိန်၌ အလွန်ငယ်ရွယ်လွန်းသောကြောင့် အဘက်ဘက်မှဖိအားများစွာ ကြုံတွေ့ခဲ့ရသည်။
ဖိအားများစွာနှင့် ဝေဖန်မှုများကြောင့် ငယ်ရွယ်သော ဧကရာဇ်လေးက ရှေ့တန်းစစ်မြေပြင်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့သည်။ အင်ပါယာသို့ နှစ်ပေါင်းရာနှင့်ချီ ကျူးကျော်ခဲ့သော ဇာဂ့်များအား ၇ နှစ်အတွင်း ရှင်းလင်းခဲ့သည်။ ရှေ့တန်းမှပြန်လာပြီး တစ်နှစ်အတွင်း ဇာ့ဂ်များအား သံမဏိသွေးဗျူဟာဖြင့် အမြစ်ဖြတ်သုတ်သင်ခဲ့သည်။
စိတ်စွမ်းအင်ကို E အဆင့်မှ S အဆင့်အထိ ဟူ၍ ခွဲခြားထားသည်။ တရားဝင်အချက်အလက်များအရ ဧကရာဇ်၏ စိတ်စွမ်းအင်မှာ SSS အဆင့် ဖြစ်သည်။ သို့သော်လည်း ဧကရာဇ်ထံ၌ ဆိုးဝါးသည့် အတင်းအဖျင်းများစွာရှိပြီး ထိတ်လန့်ဖွယ်အကောင်းဆုံးမှာ ဧကရာဇ်က ဖခင်ဖြစ်သူအား သတ်ဖြတ်သူ ဟူ၍ပင်။
YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomansaTitle - I'm Using the Interstellar Live Broadcast to Raise Cubs Description 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသ...