Chapter 21

440 69 1
                                    

👾Chapter - 21
[ ငါ တောင့်ခံနိုင်တော့မှာမဟုတ်‌ဘူး-2 ]

လုအန်းဟယ်က လင်းဟန်ကို အခန်းရှည်တစ်ခုဆီ ဦးစွာခေါ်ဆောင်သွားခဲ့သည်။

အစောပိုင်းနှစ်များမှ အင်ပါယာ၏စီးပွားရေးကြွယ်၀မှု ခက်ခဲသည့်ကာလများပြီးနောက်တွင် လင်းဟန်၏အခန်းမှာ အကောင်းဆုံး အပြင်အဆင်များရှိသည်ဆို၍ ရပေသည်။ သူ့ထံတွင် အရာအားလုံးရှိနေပြီး မက်ခါဌာနခွဲကိုပင် ကိုင်တွယ်၍ရသလို အလုပ်များလွယ်ကူအဆင်‌ပြေစေရန် အဖွဲ့အစည်းထံမှ သေးငယ်သော ထောက်လှမ်းရေးစက်အစုံအလင်ကိုပါငှားရမ်းနိုင်သေးသည်။

လင်းဟန်က သူ၏ပစ္စည်းများကို နေရာချထားလိုက်ပြီး လုအန်းဟယ်ကို မမေးမြန်းခင် ဝတ်ဆင်ရန်အတွက်လက်အိတ်တစ်စုံ အရင်ထုတ်ယူလိုက်သည်။

" အခုဘယ်သွားမလဲ "

သူက သူ့အား လေ့ကျင့်ရေးကွင်း သို့မဟုတ် ဟယ့်ယွင်ထင်ဆီသို့ တိုက်ရိုက်ခေါ်ဆောင်သွားလိမ့်မည်ဟု တွေးထားမိခဲ့သည်။ ရလဒ်အနေဖြင့် လုအန်းဟယ်က ခေါင်းယမ်းပြလာပြီး မျက်စပစ်ပြကာ ပြုံးရင်းဖြင့် လင်းဟန်ကို သူ့နောက်သို့ လိုက်လာစေသည်။ နှစ်ဦးသားသည် ပန်းတိုင်သို့ မရောက်ရှိမီအထိ ခေတ္တခဏ လမ်းလျှောက်ခဲ့ကြရသည်။

လုအန်းဟယ်က လေးလံသည့်တံခါးကြီးကို တွန်းဖွင့်လိုက်ပြီး

" ဗိုလ်ချုပ်က ခင်များကို အထဲမှာစောင့်နေပါတယ် "

ထို့နောက် သူက ကိုယ်တိုင်လိုက်ဝင်မလာဘဲ လက်ပြန်ရုတ်ကာ တံခါးကိုပိတ်လိုက်ကာ  အံ့မခန်းပဲဟု ခံစားမိလေသည်။  လုအန်းဟယ်သည် ထိုနှစ်ယောက်ကို နှစ်ယောက်တည်း ထားသင့်သည်ကို သိရှိသော်လည်း လှပသည့် မစ္စတာလင်း၏မျက်လုံးထဲတွင် သူ့ ဘော့စ်၏ပုံရိပ်မှာ အံ့ဩစရာကောင်းသည်အထိ ပြိုကျသွားမည်ကိုတော့ မသိခဲ့ချေ။

-

လင်းဟန်သည် အခြေစိုက်စခန်း၌ ဟယ့်ယွင်ထင်ကို ပထမဆုံးအကြိမ်မြင်တွေ့ရသည်မှာ သေနတ်ပစ်လေ့ကျင့်သည့်အခန်းထဲတွင် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။

ဟယ့်ယွင်ထင်သည် ဖြောင့်စင်းနေသည့်အပြာဖျော့ရောင်ယူနီဖောင်းကို ဝတ်ဆင်ထားကာ သူ့အရှေ့၌ရပ်‌နေပြီး လင်းဟန် ရောက်လာသည်ကိုမြင်သောအခါ စကားများများစားစား မပြောလာဘဲ သူ့လက်ထဲသို့ တစ်စုံတစ်ရာ ကမ်းပေးလာ၏။

ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)Where stories live. Discover now