👾Chapter 35
ဂလင်းပျက်စီးနေတဲ့ အိုမီဂါတတိယအကျော့ စစ်ဆေးမှုက အတော်လေး ကြာရှည်ပြီး လဆုံးပိုင်းတွင် ရွေးချယ်ပွဲ၌ ပါဝင်ကြသော တပ်သားများအားလုံးက အားလပ်ရက် နေ့တစ်ဝက် ရကြသည်။
ပုံမှန်အားဖြင့် အားလပ်ချိန်များ၌ လူတိုင်းက အနားယူကြလေ့ရှိပြီး အချို့သော တပ်သားများ၏ ဆွေမျိုးများကမူ ဤအချိန်လေးတွင် သူတို့၏ ဂုဏ်ယူရသော မိသားစုဝင်များထံ လာရောက်လည်ပတ်ကြလေသည်။
အဆုံးတွင် နေ့တစ်ဝက်မျှသာ ဖြစ်ပြီး တပ်စခန်းအား လာလည်နိုင်ရန်အတွက် စာတင်ရသေးသည်။ ခွင့်ပြုချက်က အတော်လေး နှေးကွေးလှပြီး လုပ်ငန်းစဥ်ကလည်း ဒုက္ခများလှသဖြင့် အမှန်တကယ်တွင် လာလည်သူ သိပ်မများလှပေ။
ထိုနေ့တွင် လင်းဟန်တစ်ယောက် ချီကျားဇယ်ကို တွေ့လိုက်ရသည်။ ထိုသူက အလွန်ပိန်ပါးလှသော အိုမီဂါလေး ဖြစ်သည်။ ဆံပင်များကို သပ်သပ်ရပ်ရပ် ညှပ်ထားကာ သိပ်ပြီး အရပ်မရှည်လှဘဲ လက်ချောင်းသွယ်သွယ်လေးများက ဖြူဖျော့နေ၏။ သူ့မျက်နှာထက်တွင် အမူအရာတစ်ခုမှ ရှိမနေပေ။ တစ်စုံတစ်ခုကို တွေးတောနေသည့်အလား ခြေလှမ်းတိုင်းကို နှေးနှေးကွေးကွေး လျှောက်လာနေသော်ငြား မည်သည်ကိုမှ တွေးတောမနေပုံလည်း ရသည်။
လင်းဟန်က နောက်တစ်နေ့အတွက် မက်ခါအား အဆုံးသတ်ပြင်ဆင်မှု ပြုလုပ်နေရင်း တစ်စုံတစ်ယောက်က လေ့ကျင့်ကွင်း၏ အပြင်ဘက်မှ လူတစ်ယောက်ကို အော်ခေါ်နေသည်အား ရုတ်တရက် ကြားလိုက်ရသည်။
"အားဇယ်"
ချီကျားမူက အိုမီဂါလေးကို မြင်လိုက်ရသောအခါ လူအုပ်ကိုဖြတ်၍ အိမ်နာမည်လေးကို ခေါ်လိုက်ပြီး မျက်နှာကို မော့၍ ပြုံးပြကာ သူ့ဆီသို့ ရောက်လာရန် လက်ဟန်ခြေဟန် ပြနေသည်။
"ကိုကို ဒီမှာ"
ဤရက်များအတွင်း ချီကျားမူက သူနှင့် အချိန်နှင့်အမျှ စကားပြောနေခဲ့သည်ကြောင့် ဖြစ်မည်။ လင်းဟန်က ထိုသူ၏ အသံနှင့် တစ်နည်းတစ်ဖုံ ရင်းနှီးနေသဖြင့် မျက်လုံးပင့်ကြည့်လိုက်သည်။
YOU ARE READING
ကျွန်တော်က စိတ်ဖတ်နိုင်တယ် but (ဘာသာပြန်)
Science FictionTitle - Description မှာ ထည့်ထားပါတယ် Update- တစ်ပတ် ၂ပိုင်း