နှစ်ထပ်အိမ်ဧည့်ခန်းကျယ်မှ စန္ဒယားသံကို ကားရပ်လိုက်သည်နှင့် နေသား ကြားလိုက်ရသည်။
ကားသော့ပိတ်ကာ အိမ်ထဲသို့ခြေလှမ်းမှန်မှန်နှင့် လှမ်းဝင် လာခဲ့သည်။ ဂါဝန်လေးနှင့် စန္ဒယားတီးနေသော စိမ်းလဲ့မှာ နေသားကိုမြင်သည်နှင့် စန္ဒယားခုံပေါ်မှခုန်ဆင်းကာ သူ့ဆီပြေးလာပြီဖြစ်သည်။
'ဖေဖေ'
'ငါ့သမီးက တယ်ဟုတ်ပါလား.. သီချင်းတစ်ပုဒ်လုံးတောင်ရတော့မယ်...'
နေသား စိမ်းလဲ့ကိုပွေ့ချီကာ အပြုံးနှင့်ပြောလိုက်သည်။ ဧည့်ခန်းထဲမှာ ထိုင်နေသော သင်းမာကို သူလက်ပြနှုတ်ဆက်လိုက်သည်။
'သင်းမာ ဘယ်တုန်းကရောက်လဲ.. မင်းမမရော'
'ရောက်တာကြာပြီ ကိုနေ.. ပြန်မလို့ဟာကို ကိုနေ့ သမီးက စန္ဒယားတီးတာနားထောင်ပြီးမှ ပြန်ရမယ်ဆိုလို့.. မမ ညစာပြင်နေတယ်'
'သမီးက အမေတူသမီး သင်းမာရေ.. ပိုပိုသာသာကြွားလိုက်ရမှ'
'ကိုနော်.. ဘာတွေလျှောက်ပြောနေတာလဲ'
အခန်းထဲမှ နွေး ထွက်လာကာ မျက်စောင်းထိုးကာ ပြောလာသည်။ နေသား သူ့မိန်းမပါးကို တစ်ချက်နမ်းလိုက်သည်။
'နောက်တာပါနွေးရာ.. ဘာတွေချက်ထားတာလဲ.. မွှေးနေတာပဲ'
'ကိုကြိုက်တဲ့ ကြက်ဟင်းခါးသီကြော်လေ.. ပြီးတော့ကြက်သားဟင်း'
'တော်လိုက်တဲ့ မိန်းမ.. သင်းမာရေ မင်းအစ်မလက်ရာကို စားပြီးမှပြန်တော့.. နွေး ... ကိုယ် ရေချိုးလိုက်ဦးမယ်'
'အင်း'
နေသားလေချွန်ရင်း လှေကားလက်တန်းကို ဖွဖွထိကိုင်ကာ အိမ်ပေါ်ထပ်သို့တက်လာခဲ့သည်။ အခုရက်ပိုင်းများအတွင်း သူ့စိတ်တွေပေါ့ပါးလွတ်လပ်နေသည်။ နှစ်ပေါင်းများစွာကြာအောင် စောင့်စားခဲ့ရသည့် အချိန်တစ်ခုကို ရောက်လာခဲ့ပြီမဟုတ်လား။
ဆယ်နှစ်
ဆယ်နှစ်ဆိုသော အချိန်ကာလတစ်ခုကို စိတ်ရှည်မောပန်းစွာ နေသား စောင့်စားခဲ့ပါသည်။ အားမာန်အတွက်သာဆိုလျှင် ဆယ်နှစ်မက အနှစ်တစ်ရာပင် သူ ဇွဲရှိရှိစောင့်နိုင်ပါသည်။ ဟန်ဆောင်မျက်နှာဖုံးတစ်ခုကို တပ်ဆင်ကာ ယောက်ျားကောင်းတစ်ယောက် ဖခင်ကောင်းတစ်ယောက်အဖြစ် လူပုံလယ်မှာ သူသရုပ်ဆောင်နိုင်ပါသည်။

YOU ARE READING
ပင်လယ်နဲ့လှေငယ်
Romance(Unicode & Zawgyi) ပင်လယ်နဲ့တူတဲ့ ဘ၀.. လှေငယ်နဲ့တူတဲ့ သူ.. မုန်တိုင်းကြားမှာ ခရီးဆက်နိုင်ပါစေ..