အပိုင်း ၂၃

6.9K 705 76
                                    

ခုတင်ပေါ်တွင် အိပ်ပျော်နေသူသည် အိပ်မက်ဆိုးများထဲမှ ရုန်းထွက်နိုင်ဟန်မတူ။ အိပ်ပျော်နေချိန်မှာတောင် မျက်မှောင်ကြုတ်ထားသည်။ လက်ဖ၀ါးအောက်မှ နဖူးပြင်သည် ပူနေသည်။ မိမိကြောင့်။ မထိန်းချုပ်နိုင်ခဲ့သည့် စိတ်ရိုင်းများ။ ညှာတာမှုမရှိခဲ့သည့် လိုအပ်ချက်။ ခြေဖ၀ါးစွန်းသည် စောင်လွတ်နေသည်။ ဂွမ်းစောင်ကို လုံအောင် ခြုံပေးကာ ထိုခြေဖ၀ါးကို အလွှတ်မပေးချင်သလို ဆုပ်ကိုင်သည်။

လှုပ်ရှားလာပြီး မျက်လုံးများ ပွင့်လာသည်။ သူရှိနေရာ လှမ်းကြည့်ကာ မျက်နှာပျက်သည်။ တစ်ချိန်က မိမိကိုမြင်လျှင် ပျော်ရွှင်စွာ ပြုံးတတ်ခဲ့သူ။

လက်မှနာရီကို ငုံ့ကြည့်သည်။ ည နှစ်နာရီရှိနေပြီကိုမြင်တော့ လုံးလုံး မျက်နှာမကောင်းတော့။ ဘာတွေစဥ်းစားနေမည်ကို နားလည်သည်။ ဘာတွေ တွေးပူနေမည်ကို သိနေသည်။ ထို့ကြောင့် ပို ခံရခက်သည်။

'ကိုယ် မပြန်ဘူး အားမာန်။ ဒီည ဒီမှာပဲနေမယ်။ မင်းလည်း ဘယ်မှသွားဖို့ စိတ်မကူးနဲ့။'

အမိန့်သံကို အသုံးပြုသည်။ သူ ကျွမ်းကျင်သည့် ဘာသာစကား။ ဒေါသနှင့် လှမ်းကြည့်သူကို အသိအမှတ်မပြုချင်ယောင် ဆောင်ရသည်မှာ လွယ်သည်။ လူသားတစ်ယောက်လို မပြုမူတတ်ခဲ့တာ ကြာခဲ့ပြီ မဟုတ်ပါလား။

ရေတစ်ခွက် ကမ်းပေးတော့ ငြင်းဆန်မှုမရှိဘဲ လှမ်းယူသည်။ စကားတစ်ခွန်း၊ အကြည့်တစ်ချက်ပင် မထိုက်တန်ဘူးဟု ယူဆသည်လားမသိ။ ဘာစကားမှ ထပ်မပြောတော့သလို လှည့်မကြည့်။

စားပွဲပေါ် တင်ထားသော စီးကရက်ဗူးကို လှမ်းယူစဥ် ဖုန်းကို မြင်သည်။ မြောက်မြားလှစွာသော ဖုန်းခေါ်ထားမှုတွေ။ ဘယ်ရောက်နေလဲ မေးထားသော မက်စေ့ချ်တွေ။ ဖုန်းခလုတ်ကို နှိပ်လိုက်သည်။

'နွေး..'

'ကို.. ဘယ်ရောက်နေလဲ။'

'မင်းမှာ တခြားလုပ်စရာ မရှိဘူးလား။ ငါ့ကို မနှောင့်ယှက်နဲ့။'

ဖုန်းလိုင်းတစ်ဖက်မှ ရှိုက်သံကို ကြားရသည်။ မသနားမိ။ စိတ်အနှောင့်အယှက်တော့ဖြစ်သည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now