မိုးသည်းထဲတွင် အားမာန် ကားမောင်းထွက်သွားသည်ကို ကြည့်ရင်း သူရိန် စတီယာတိုင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။
သည်းနေသော မိုးအောက်မှာ သူ ဘယ်လောက်ကြာအောင် ကားထဲထိုင်၍ စောင့်နေမိသည်မသိတော့။ အားမာန်အကြောင်းများ အားလုံးကို ခြောက်ခြားစွာသိလိုက်ရပြီးသည့်နောက်ပိုင်း တစ်ညနေခင်းလုံး အားမာန်သွားလေရာကို သူရိန် ခြေရာခံလိုက်လာဖြစ်ခဲ့သည်။
'ငတုံး သူရိန်.. မင်းငတုံး ငအ.. မင်းလောက်တုံးတဲ့ကောင် လောကမှာမရှိဘူး'
ကိုယ့်ခေါင်းကိုကိုယ် ကားစတီယာတိုင်နှင့် နာနာဆောင့်ပြီး သူရိန်ဒေါသကြီးစွာ ရေရွတ်မိသည်။
သူ ဘာလို့ဒီလောက်ထိအောင် မျက်စိကန်းနိုင်ရတာလဲ။
အားမာန်နဲ့ တစ်အိမ်တည်း အချိန်ကြာမြင့်စွာ နေခဲ့ပေမယ့် ဘာဆိုဘာကိုမှ မရိပ်မိအောင် သူဘာလို့အသုံးမကျရတာလဲ။
ယခု သူရိန့်ကားရပ်ထားရာ နှစ်ထပ်တိုက်အိမ်ကြီးထဲတွင် ဘယ်သူရှိနေလိမ့်မည်ဆိုတာကို မေးစရာမလိုဘဲ သူ သိသည်။ သည်းထန်စွာ ရွာသွန်းနေသော မိုးရေအောက်မှာ သူရိန် ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားနေရလောက်အောင် အသက်ရှူမြန်နေသည်။
'တောက်..'
လက်သီးများကို တင်းကြပ်စွာဆုပ်လိုက်ပြီး ကားတံခါးကိုတွန်းဖွင့်လိုက်သည်။
အေးစက်သော မိုးရေများက သူရိန့်တစ်ကိုယ်လုံးကို စိုရွှဲသွားစေသည်။ ဒါပေမယ့် သူရိန် သတိမထားမိ။
ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။
အားမာန် နေသား ကြိုးဆွဲရာမှာ ဘယ်လောက်ကြာအောင် နေနေခဲ့တာလဲ။
အတွေးများနှင့်ပင် ခံနိုင်ရည်မရှိနိုင်တော့လောက်အောင် နာကျင်လာမိသည်။
'၀ုန်း...'
လျှပ်စီးရောင်အောက်မှာ နှစ်ထပ်တိုက်ဖြူကြီးက သရဲမကြီးတစ်ကောင် ငုပ်တုပ်ထိုင်နေဟန် ငြိမ်သက်နေသည်။ ကျယ်လောင်သော မိုးကြိုးပစ်သံကလဲ သူရိန့်ဒေါသများလို စူးရှပြင်းထန်နေသည်။
![](https://img.wattpad.com/cover/86239026-288-k549625.jpg)
YOU ARE READING
ပင်လယ်နဲ့လှေငယ်
Romance(Unicode & Zawgyi) ပင်လယ်နဲ့တူတဲ့ ဘ၀.. လှေငယ်နဲ့တူတဲ့ သူ.. မုန်တိုင်းကြားမှာ ခရီးဆက်နိုင်ပါစေ..