နေရောင်ခြည်တစ်စင်းလို နွေးထွေးတတ်သော အားမာန်တစ်ယောက် အေးစက်သွားတာကို သူရိန်နားမလည်စွာ လက်ခံလိုက်ရသည်။
တစ်အိမ်ထဲမှာ အတူနေကြပေမယ့် ဝေးကွာလွန်းနေလှသည့် သူတို့နှစ်ယောက်အတွက် အံကိုတင်းတင်းကြိတ်ကာ အခံရခက်သည်မှတပါး သူရိန်ဘာမှမတတ်နိုင်။ ထွတ်ငယ်အပေါ်တွင် အားမာန်အရင်တုန်းကလို ပြုံးကာရယ်ကာ ဆက်ဆံရင်းနှီးမှုကို ပြတတ်ပေမယ့် သူရိန့်ကိုတွေ့လျှင်တော့ အလိုလိုမျက်နှာတည်ကာ ရှောင်ထွက် သွားတတ်သည်။
သူတို့နှစ်ယောက်ကြားမှာ အလုပ်ရှင်နှင့် အလုပ်သမားဆက်ဆံရေးထက် မပိုတော့သည့် အေးစက်မာကျောသော ဆက်ဆံရေးတစ်ခုသာရှိတော့သည်။
သူရိန် အားမာန်ကို နားမလည်နိုင်သလို နာကြည်းမိသည်။
တကယ်တမ်း သူရိန် အားမာန်ဘ၀အတွင်းရောက်လာအောင် အားမာန်ကိုယ်တိုင် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ခြင်းဖြစ်သည်။ အခုတကယ်တမ်း သူရိန်ဖက်မှ အားမာန်ကို ရင်နှင့်အမျှ ချစ်မိတော့မှ အဝေးကိုမောင်းထုတ်ရန် ကြိုးစားနေသည်။
တစ်ခါတစ်ရံ ဒီအိမ်မှာ သူဘာလို့ဆက်နေဖြစ်နေသည်ကို သူရိန် ကိုယ့်ဘာသာပင် နားမလည်မိ။ ထွတ်ငယ်အတွက် နောက်ဆံတင်းစရာမရှိလျှင် အရာအားလုံးကို ကျောခိုင်းကာ အားမာန်နှင့်ဝေးရာသို့ထွက်သွားဖြစ်မည်ထင်သည်။
'ဦးဦး'
ထွတ်ငယ် သူ့ထိုင်ခုံနောက်မှ ခေါ်လိုက်၍ ကွန်ပျူတာမှ မျက်နှာလွှဲကာ လှည့်ကြည့်လိုက်သည်။
'ပြော ထွတ်ငယ်'
'ပန်းခြံလိုက်ပို့ပေးမယ်ဆို'
ဒီနေ့ စနေနေ့မို့ ကျောင်းပိတ်ရက် ကန်တော်ကြီးပန်းခြံကို လိုက်ပို့ပေးမည်ဟု သူထွတ်ငယ်ကိုပြောထားသည်ကို ပြန်လည်သတိရမိသွားသည်။
'အင်း.. ခဏနေလာခဲ့မယ်..အောက်ထပ်မှာစောင့်နေ..'
ကွန်ပျူတာစက်ကိုပိတ်ကာ သူရိန် အပြာရောင်တီရှပ်တစ်ထည်ကို ခေါင်းမှစွတ်၍ ၀တ်လိုက်ကာ အောက်ထပ်ဆင်းလာခဲ့သည်။

YOU ARE READING
ပင်လယ်နဲ့လှေငယ်
Romance(Unicode & Zawgyi) ပင်လယ်နဲ့တူတဲ့ ဘ၀.. လှေငယ်နဲ့တူတဲ့ သူ.. မုန်တိုင်းကြားမှာ ခရီးဆက်နိုင်ပါစေ..