အားမာန် နိုးထလာချိန်တွင် မိုးစုန်းစုန်းချုပ်ကာ လောကကြီးတစ်ခုလုံး တိတ်ဆိတ်နေပြီဖြစ်သည်။
နာကျင်နေသော နှုတ်ခမ်းများကို သတိထားမိလိုက်သည်။ မူးနောက်နေသော ခေါင်းတစ်ခုလုံးကြောင့် ထထိုင်ဖို့ကြိုးစားလိုက်ပေမယ့် သူ အိပ်ယာပေါ် ပြန်လည်လဲကျသွားသည်။ ရေချိုးခန်းထဲမှ ရေသံတစ်ချို့ကို ကြားနေရသည်။
အားမာန် သူ ဘယ်ကိုရောက်နေသည်ကို ရုတ်တရက်စဉ်းစား၍ မရ။
မရင်းနှီးသော အခန်းတစ်ခုနှင့် စီးကရက်တစ်ဗူးကို မြင်လိုက်ရမှ သူ နေသားနှင့်အတူ ရှိနေသည်ကို မုန်းတီးနာကျင်စွာ နားလည်လိုက်သည်။
ရေစိုဆံပင်များကို မျက်နှာသုတ်ပုဝါဖြင့် ဖိသုတ်လိုက်ရင်း နေသား ရေချိုးခန်းတံခါးကို နောက်ပြန်ပိတ်လိုက်သည်။ အားမာန် နား တစ်လှမ်းချင်း လျှောက်လာကာ နဖူးကို လက်နှင့်အုပ်ကိုင်ကာ မေးလိုက်သည်။
'နိုးပြီလား ကောင်လေး'
အားမာန် နေသားလက်ကို ခပ်ဆတ်ဆတ် တွန်းပစ်လိုက်သည်။ ထို့နောက် ကုတင်ပေါ် မှ ရုန်းထလိုက်သည်။
'ကျွန်တော်ပြန်တော့မယ်'
'မင်းကိုယ်တွေပူနေတယ်... နောက်ပြီးဒီနေ့မင်းကို အိမ်ပြန်ခွင့်မပေးဘူးလို့ ငါပြောထားပြီးပြီ မဟုတ်လား'
အားမာန် ဒေါသတကြီး နေသားကို မော့ကြည့်လိုက်သည်။
'ငါ မင်းကို တောင်းပန်နေတာမဟုတ်ဘူး အားမာန်.. အမိန့်ပေးနေတာ..'
အားမာန်တောက်ခေါက်သံကို သူ ကြားလိုက်ရသည်။
အခုအချိန်မှာ အားမာန် သူ့ကို အစိတ်စိတ်အမြွှာမြွှာ အရေခွံခွာချင်လောက်အောင် မုန်းတီးနေမည်ဆိုတာကို နေသား နားလည်သည်။ အားမာန်ကို ကျောခိုင်းကာ အခန်းဘီရိုအံဆွဲထဲမှ အစိမ်းရောင် ည၀တ်အကျီင်္လက်ပြတ်ကို ဆွဲထုတ်ကာ ခေါင်းမှစွပ်၍ ၀တ်လိုက်သည်။ အဆက်မပြတ်မည်လာသော ဖုန်းကို နေသား ပခုံးနှင့် နားကြား ဖိကပ်ဖြေကြားလိုက်ပြီး ည၀တ်အကျီင်္ ကြယ်သီးများကို တစ်လုံးချင်းတပ်လိုက်သည်။
YOU ARE READING
ပင်လယ်နဲ့လှေငယ်
Romance(Unicode & Zawgyi) ပင်လယ်နဲ့တူတဲ့ ဘ၀.. လှေငယ်နဲ့တူတဲ့ သူ.. မုန်တိုင်းကြားမှာ ခရီးဆက်နိုင်ပါစေ..