အပိုင်း ၂၇

9.5K 753 67
                                    

လေညင်း၏ ဖြတ်သန်းသွားရာတစ်လျှောက်မှာ ဖြစ်ပေါ်စေခဲ့သော တုန်ခါမှုများသည် လှပသည်။ ညင်သာသော အရာများ၏ လှုပ်ရှားသံများသည် တိုးတိတ်သည်။

သစ်ရွက်ကြွေသံ..

သစ်ကိုင်းခတ်သံ..

ရှိုက်သံသဲ့သဲ့

ကုက္ကိုလ်ပင်ကြီး၏ ပင်စည်ကို မှီရပ်နေသည်။ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထည့်ထားသည်။ အဝေးမှ ခပ်ဝါးဝါးသာမြင်ရသော ပုံရိပ်တစ်ချို့ကို ငေးကြည့်နေသည်။ ကုက္ကိုလ်ရွက်ဝါတစ်ချို့ ထိုသူ၏ခြေရင်းသို့ ကျရောက်သည်။ ရွေ့လျားမှုသည် အမိန့်ပေးခံရသလို။ သစ်ရွက်ဝါကို ကောက်ယူလိုက်သည်။

မွေးဖွားသည်။ ကြီးပြင်းသည်။ သေဆုံးသည်။ 

သဘာ၀တရားသည် တရားမျှတသည်။ သို့သော် ..

လူတစ်ယောက် ရှင်သန်ခွင့်ကုန်ဆုံးချိန်သည် လူတိုင်းအတွက် မထင်မှတ်ထားချိန်။

'မင်းအရူးပဲ အားမာန်။ ငါသိပ်ချစ်ရတဲ့မင်းက ဒီကောင့်အတွက် အသေခံမယ်ပေါ့။ ဟုတ်လား။'

လက်ထဲမှဓါးကို လွှတ်ချကာ ပြောသည့် စကား။ ခါးသက်သော ရယ်သံကို ကြားယောင်သည်။ ဒေါသများကို မြိုသိပ်ထားသည့် စကားသံ။ ဟိုးအ‌ေ၀းမှ အော်ပြောနေသလို။ ထိုနေ့က နေသား ကို သူ နောက်ဆုံးတွေ့ခဲ့သည်။

'မင်း ပြန်တော့..'

ဒီစကားကို ကြားရချိန် သူ မယုံကြည်နိုင်ခဲ့။ လှောင်ရယ်နေဦးမလား ထင်ခဲ့သည်။ သို့သော် ထိုသူ၏ မျက်လုံးများတွင် မျက်ရည်စများနှင့်။

'ဒီတစ်ခါလည်း ငါ မင်းကို ဆုံးရှုံးရဦးမှာပဲပေါ့။ မဟုတ်သေးဘူး။ မှားနေပြီ။ ငါ မင်းကို အစောကြီးကတည်းက ဆုံးရှုံးခဲ့ရပြီးသား။ ပြန်တော့ အားမာန်။ ငါ ကြိုးစားကြည့်မယ်။ မင်း နဲ့ အ‌ေ၀းဆုံးမှာ နေနိုင်ဖို့ ငါ ကြိုးစားပေးမယ်။'

သူမယုံကြည်စွာ ရပ်တန့်နေဆဲ။ ပြုံးရိပ်သန်းသော မျက်လုံးများနှင့် ခပ်ကြာကြာ စိုက်ကြည့်သည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now