Part 41

20.1K 1.1K 5
                                    

ဖြည်းအေးစွာ ဖြတ်သန်းတိုက်ခတ်လာသော လေညှင်း၏ ဖြတ်သန်းသွားရာတစ်လျှောက်မှာ ဖြစ်ပေါ်စေခဲ့သော တုန်ခါသံများမှလွဲ၍ လောကကြီးတစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေသည်။

သစ်ရွက်ကြွေသံ..

သစ်ကိုင်းခတ်သံ..

ထို့နောက် တိုးညှင်းသော ရှိုက်သံတစ်ခု..

မြင့်မားသော ကုက္ကိုလ်ပင်ကြီး၏ ပင်စည်ကို မှီရပ်နေသော အားမာန်၏ အေးစက်နေသောလက်များကို ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်သည်။ အားမာန်မျက်လုံးများက အဝေးမှ ခပ်ဝါးဝါးသာမြင်ရသော ပုံရိပ်တစ်ချို့ကို ငေးကြည့်နေမိသည်။

အဖြူရောင်အုတ်နံရံကာထားသော ၀င်းခြံထဲမှ ကွန်ကရစ်လမ်းဘေးတစ်ဖက်တစ်ချက်တွင် ဂန္ဓာမာပန်း အဖြူနှင့် အ၀ါများ ရောယှက်ပွင့်နေကြသည်။

ဝှေ့ကာဝဲကာ တိုက်ခတ်လာသော လေပြေလေညှင်းကြောင့် ကုက္ကိုလ်ရွက်ဝါတစ်ချို့ အားမာန်ခြေရင်းသို့ ကျရောက်လာသည်။ အားမာန် အမိန့်ပေးခံရသော စစ်သားတစ်ယောက်လို သစ်ရွက်ဝါတစ်ရွက်ကို ကောက်ယူလိုက်မိသည်။

အချိန်တန်လျှင် သစ်ရွက်ဝါပင် ကြွေရသည်ပဲဖြစ်သည်။

နေသားအတွက်ရော...

အချိန်တန်ခဲ့သည်ဟု သတ်မှတ်၍ ရပါ့မလားဟု အားမာန် မ၀ံ့ရဲစွာ တွေးမိသည်။

သေဆုံးခြင်းနောက်ကွယ်မှ ပျောက်ကွယ်ခြင်း သဘောတရားကို အခုအချိန်အထိ သူ နားမလည်နိုင်သေးပါ။

အားမာန်နှင့် သိပ်မဝေးကွာသော ထို သင်္ချိုင်းမြေတစ်နေရာတွင် နေသား၏ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်နေသူများနှင့် ပြည့်နှက်နေသည်။ အမည်းရောင် ဆင်တူဝတ်ဆင်ထားသူများ အားလုံး၏ မျက်နှာမှာ ၀မ်းနည်းကြေကွဲခြင်းများနှင့် ပြည့်နှက်နေသည်။

သူ ရင်မဆိုင်ရဲပါ။

အထူးသဖြင့် နွေးနှင့်စိမ်းလဲ့တို့၏ မျက်ရည်များကို ရဲရဲကြည့်ဖို့ သတ္တိမရှိခဲ့သည်မို့ အားလုံးမမြင်နိုင်လောက်သည့် သစ်ပင်ကွယ်တစ်ခုမှသာ နေသားကို နှုတ်ဆက်မိသည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now