နွေရာသီအပူငွေ့များက အလျှံတငြီးငြီးတောက်အောင်ပင် ပူလောင်နေပြီဖြစ်သည်။
စီးကျလာသော နဖူးမှချွေးများကို လက်ဖ၀ါးဖြင့်ဖိသုတ်လိုက်ပြီး သူရိန်စာမေးပွဲခန်းထဲမှ ထွက်လာခဲ့သည်။ ဘာသာရပ်တိုင်းကို ကောင်းကောင်းမွန်မွန်ဖြေဆိုနိုင်ခဲ့သည်မို့ စိတ်ထဲမှာလွတ်လပ်ပေါ့ပါးနေသည်။
စာမေးပွဲနောက်ဆုံးနေ့....
ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ပစ်ချလိုက်ရသည့်အလား သူရိန်ခံစားရသည်။
ဒီနောက်ဆုံးရက်များသည် သူ့အတွက်ခက်ခဲလွန်းလှသည်။ တဖြည်းဖြည်း မီးစာကုန်ခမ်းလာသော ဖယောင်းတိုင်တစ်တိုင်လို မိခင်၏အခြေအနေသည် တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာနေသည်။ ထို့အပြင် ထွန်းအေးလက်ချက်ဖြင့် ထွတ်ငယ်မှာ အရှိုးရာတွေ ထပ်နေသည်ကို ရင်နာနာနှင့် တွေ့နေရသေးသည်။
နောက်ဆုံး ထွတ်ငယ်တစ်ယောက် သူ့အမေဆီမသွားတော့ဘဲ သူနှင့်သာနေတော့သည်။ စားဖို့သောက်ဖို့ကအစ သူရိန့်တာဝန်ဖြစ်လာသည်မို့ ဒီရက်ပိုင်းများအတွင်း ဘယ်လိုရှေ့ဆက်နေခဲ့သည်ကို ကိုယ့်ဘာသာကိုယ်ပင် မမှတ်မိတော့။
သေချာသည်ကတော့ သူရိန်သဲပူပူပေါ်မှာပင် ပစ်ချအိပ်ချချင်လောက်အောင် ပင်ပန်းနေပြီဖြစ်သည်။ တစ်ညတစ်ညမှာ အိပ်ချိန်ကိုဖဲ့ကာ စာကြည့်နိုင်၍သာ စာမေးပွဲကိုအခက်အခဲမရှိ ဖြေဆိုနိုင်ခြင်းဖြစ်သည်။ တစ်ညကို နှစ်နာရီ၊ သုံးနာရီလောက်သာ အိပ်ချိန်ရှိတော့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။
'သူရိန်.. မဖြေနိုင်ဘူးလားကွ..'
ဦးကျော်ဆိုက္ကားကို လှမ်းမတွေ့နိုင်လောက်အောင် သူစိတ်ကူးများနေသည်။
'ဖြေနိုင်တယ် ဦးလေး.. နည်းနည်းပင်ပန်းသလိုဖြစ်နေလို့'
'လာ တက်.. ငါလိုက်ပို့ပေးမယ်'
ဟန်ဆောင်ငြင်းဖို့ပင် သူရိန့်မှာ အားအင်မရှိတော့။ ဦးကျော်ဆိုက္ကားပေါ် တက်ထိုင်ကာ ကိုက်ခဲနေသောခေါင်းကို နာနာဖိထားမိသည်။
'မင်းကိုကြည့်ရတာ စိတ်မောလိုက်တာကွာ နေကောင်းရဲ့လား'
'ဖျားနေပြီထင်တာပဲ ဦးလေး..ခေါင်းတွေ အရမ်းကိုက်နေတယ်'
YOU ARE READING
ပင်လယ်နဲ့လှေငယ်
Romance(Unicode & Zawgyi) ပင်လယ်နဲ့တူတဲ့ ဘ၀.. လှေငယ်နဲ့တူတဲ့ သူ.. မုန်တိုင်းကြားမှာ ခရီးဆက်နိုင်ပါစေ..