ဂစ်တာ သံစဉ်တစ်ခုကို ထမင်းစားခန်းထဲမှ နွေး ကြားလိုက်ရသည်။ ရေစိုနေသောလက်ကို အသင့်ရှိနေသော အ၀တ်ဖြူ စနှင့်သုတ်လိုက်ပြီး အပြင်ဧည့်ခန်းရှိရာ လှမ်းကြည့်လိုက်သည်။
အားမာန်...
ဘေးပါတ်ပါတ်လည်ကို အမည်းရောင်သုတ်ကာ အလည်မှသာ သစ်သားရောင်ဖျော့ဖျော့ သုတ်ထားသော နေသား၏ ဂစ်တာကို အားမာန် ကျွမ်းကျင်စွာ တီးခတ်နေသည်။
'ဟော်တော့ သင်းက ကိုနေ တီးနေတယ်ထင်တာ... အားမာန် ဂစ်တာတီးတတ်မှန်း သိတောင်မသိဘူး..'
နွေးဘေးနားမှ သင်းမာအပြောကြောင့် ပို၍ တွေဝေသွားသည်။
ဂစ်တာသံ ကြားစဉ်ကတည်းက သူမလဲ သင်းမာလိုပင် နေသား တီးခတ်နေသည်ဟု ထင်လိုက်မိသည်။ အတန်ကြာအောင် အားမာန်ကို နွေး ငိုင်ကြည့်နေမိသည်။ အားမာန်တီးခတ်နေသည့် လှပသော သံစဉ်ကြောင့်မဟုတ်ပါ။
နွေးစိတ်ထဲ ဘာမှန်းမသိဘဲ စိတ်မသက်မသာဖြစ်လာမိသည်။
သူမ နေသားနှင့် စတွေ့စဉ် စူးနစ်စွာ မမေ့နိုင်ခဲ့သည်မှာ နေသား၏ အချိုးကျ တင့်တယ်လှသော ဂစ်တာတီးဟန်ကြောင့်ဖြစ်သည်။ ဂစ်တာကို ခပ်စောင်းစောင်း ရင်ထဲမှာ မှီတင်ထားပြီး ဂစ်တာတိုင်ကို ခပ်မတ်မတ်ထောင်ကာ တီးတတ်သည့် နေသားသည် အခြားသူများနှင့်မတူသည်ကို သူမ သိသည်။ အခု သူမရှေ့မှ ဂစ်တာတီးနေသည့် အားမာန်သည် နေသားတီးဟန်နှင့် တစ်ထေရာတည်းဖြစ်သည်။
'မမ စိမ်းလဲ့အတွက် ကျောင်းအကျီင်္အသစ်ဝယ်ရမယ်ဆို... သွားရအောင်လေ..'
'သြော်.. အင်း အင်း'
သင်းမာပြောမှ နွေး အပြင်ထွက်ရဦးမည်ကို အမှတ်ရလာသည်။
အားမာန်ကို နောက်တစ်ချက် လှမ်းကြည့်ရင်း ပိုက်ဆံအိတ်ယူရန် အိပ်ခန်းတွင်းဝင်လာခဲ့သည်။ သူမ စိတ်ထင်တာပင်ဖြစ်လိမ့်မည်။ ဘာမှအရေးမကြီးသည့် ကိစ္စတစ်ခုနှင့် စိတ်ရှုပ်မိသည့် ကိုယ့်ကိုယ်ကို ပြန်လည်အပြစ်တင်ရင်း စားပွဲပေါ်မှ ပိုက်ဆံအိတ်ကို လှမ်းယူလိုက်သည်။ နေသား၏ သောက်လက်စ စီးကရက်ဗူးကို အမှတ်မထင် တွေ့လိုက်ရသည့်ခဏ နွေးစိတ်တွေ နောက်တစ်ကြိမ် ပြန်လည် နောက်ကျိသွားသည်။
![](https://img.wattpad.com/cover/86239026-288-k549625.jpg)
YOU ARE READING
ပင်လယ်နဲ့လှေငယ်
Romance(Unicode & Zawgyi) ပင်လယ်နဲ့တူတဲ့ ဘ၀.. လှေငယ်နဲ့တူတဲ့ သူ.. မုန်တိုင်းကြားမှာ ခရီးဆက်နိုင်ပါစေ..