အပိုင်း ၂၅

6.9K 738 32
                                    

ကားဘေးနားသို့ ရောက်သည်အထိ နှစ်ယောက်သား စကားမဆိုဖြစ်။ အတွေးကိုယ်စီနှင့် ငြိမ်နေသည်။ စကားစသူက ဇေယျ။

'ထူးဆန်းတယ်လို့ မင်း မထင်ဘူးလား။'

သူရိန် ခေါင်းညိတ်သည်။ နာမည်တစ်ခုကို ထုတ်ပြောရမှာတောင် ခါးသီးနေသလိုပင်။

'နေသား..ဆိုတဲ့လူ။ ဒီလူကို အစ်ကိုဇေယျ အရင်က သိထားလား။'

ခေါင်းခါသည်။

'ငါလည်း သင်းမာ မွေးနေ့ကမှ သတိထားမိတယ်။ သင်းမာ အစ်မ အိမ်ထောင်ပြုတာကိုသိတယ်။ အကျဥ်းချုံးလုပ်လို့ဆိုပြီး ဘယ်သူမှ မသိလိုက်ဘူး။ ဖိတ်လည်း မဖိတ်ဘူး။ နောက် တိုက်ဆိုင်တာမရှိ‌တော့ ငါတို့အုပ်စုနဲ့ တစ်ခါမှ မပတ်သက်မိဘူး။ သင်းမာမွေးနေ့ နောက်ပိုင်းမှ နေရာတိုင်းတွေ့တာပဲ။ အခုသင်းမာတို့ လက်ထပ်မယ့်ကိစ္စမှာလည်း သူ့လက်သူ့ခြေတွေချည်းပဲ။ မထူးဆန်းဘူးလား။'

သင်းမာမွေးနေ့..

ဘာတွေဖြစ်ခဲ့လဲ။ ထိုနေ့သည် အရာရာကို ပြောင်းလဲစေခဲ့သလိုပင်။ စဥ်းစားလို့ မဆုံးခင် ဇေယျ သူ့ပခုံးကိုတွန်းသည်။

'မင်း မှတ်မိလား။ သင်းမာ မွေးနေ့မှာ..'

ဘာကိုဆိုလိုချင်သည်ကို နားလည်သည်။ လွတ်ကျသွားခဲ့သည့် ဖန်ခွက်အကွဲများ။ အနားမှာ ရှိနေသူက နေသား ဆိုသူ။ နားနားကပ်ပြီး တီးတိုးပြောသည်။ ရှောင်ထွက်သွားသည်။ ထိုညက အားမာန် အိပ်မပျော်ခဲ့။ သူ ကောင်းကောင်းမှတ်မိသည်။

နောက်တစ်နေ့ ထွတ်ငယ်၏ကျောင်းရှေ့မှာ နေသားနှင့်ဆုံသည်။ ထူးဆန်းသည်က ထိုသူ့မျက်လုံးတွေ။ အပြုံးများနှင့် မလိုက်ဖက်‌အောင် အေးစက်သည်။ အားမာန်ကိုပြောပြချိန် သူနှင့်အပြင်သွားဖို့ အစီအစဥ်အားလုံးကိုဖျက်ပြီး အိမ်မှထွက်သွားသူ။ နောက်ရက်များတွင် အားမာန် အိမ်ပြန်မလာခဲ့။

အိမ်ပြန်လာသည့် ညက..

ရှေ့ဆက် မတွေးရဲ။ ရင်ထဲမှာ နာသည်။ မိုးတွေစိုနေသူ။ လူမှန်းမသိလောက်အောင် အရက်တွေ သောက်ခဲ့သူ။ အားမာန်ကို ဒီလိုပုံစံမျိုး ပထမဆုံးအကြိမ် တွေ့ခဲ့ရခြင်းပင်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now