ဇာတ်သိမ်းပိုင်း

39.4K 1.9K 153
                                    


ကျယ်ပြန့်ပြာလွင်သော ပင်လယ်ပြင်ထက်မှာ လှိုင်းလုံးဖြူလေးများက မမောပန်းနိုင်စွာ ပြေးလွှားနေကြသည်။

တောက်ပသော နေလုံးကြီးက ပြာလွင်သော ကောင်းကင်ထက်မှာ စူးရှစွာထိန်သာနေသည်။

ကောင်းကင်ထက်မှ တိမ်ဖြူတစ်ဆုပ်မှာလည်း လေနှင်ရာသို့ ဖြည်းညှင်းစွာလွင့်ပါးမျောပါနေသည်။

ကမ်းခြေကို လှမ်းမမြင်နိုင်သည့် ပင်လယ်တွင် ရပ်တန့်ထားသော ရွက်လှေငယ်မှာ အပြာရောင်ကောင်းကင်နှင့် အပြာရောင်ပင်လယ်ကြားမှာ ငြိမ့်ညောင်းစွာ လှိုင်းစီးနေသည်။

ထိုရွက်လှေဖြူပေါ်တွင် သူရိန်ပက်လက်လှဲအိပ်ရင်း ကောင်းကင်မှ တိမ်ဖြူတစ်ချို့ကို ငေးကြည့်နေမိသည်။

အချိန်သည် အရာရာကို ကုစားနိုင်သလို အခြေအနေများကို ပြောင်းလဲနိုင်ခဲ့သည်။

သူရိန်ပင် ယခုဆိုလျှင် ကွန်ပျူတာ တက္ကသိုလ် နောက်ဆုံးနှစ်သို့ ရောက်ခဲ့ပြီဖြစ်သည်။ ခါးသီးသော အတိတ်မှဖြစ်ရပ်တစ်ချို့ကို ကြိုးစားမေ့ဖျောက်ရင်း ပန်းခင်းသောလမ်းမဟုတ်သော ဘ၀စာမျက်နှာ အတော်များများကို ရင်ဆိုင်နိုင်ခဲ့သည်။

ဒါပေမယ့် သူရိန်ဘ၀မှာ တစ်ယောက်တည်းတော့မဟုတ်ပါ။

'ဘယ်ကောင်မလေးတွေအကြောင်းစဉ်းစားနေပြန်ပြီလဲ သူရိန်'

သူရိန် နံဘေးမှာ အားမာန်ဝင်ရောက်လှဲလျောင်းလိုက်ရင်း မေးလာခဲ့သည်။ အားမာန်ဆံပင်များကို ခပ်တိုတိုညှပ်ထားသဖြင့် ရှင်းသန့်သောမျက်နှာမှာ ထင်းထင်းပေါ်နေသည်။ ဖြောင့်စင်းမည်းမှောင်သော မျက်ခုံးများအောက်မှာ တောက်ပသော မျက်လုံးများမှာ ပြုံးနေသည်။

'အင်း.. ကျွန်တော် စဉ်းစားနေတဲ့ကောင်မလေးက အရပ်မြင့်မြင့်နဲ့... မပွင့်မလင်းနဲ့ စကားပြောရတာ သိပ်အဆင်မပြေဘူး.. အရမ်းလည်း သ၀န်တိုတတ်တယ်'

အားမာန် သူရိန့်ခေါင်းမှ ဆံပင်များကို ဆွဲဖွပစ်လိုက်သည်။

'ငါ မိန်းကလေးမဟုတ်ဘူး သူရိန်..'

သူရိန်ရယ်လိုက်သည်။

အားမာန်သည် သူ့အတွက်တော့ ပင်လယ်ထဲမှ ရွက်လှေငယ်တစ်စင်းပင်ဖြစ်သည်။ ဘယ်လောက်ပင် မုန်တိုင်းထန်ထန် အရှူံးမပေးဘဲ ထန်သောလေကို အံတုကာ အစဉ်မပြတ် လှိုင်းလုံးများကြားမှာ ဆက်လက်ခရီးနှင်နေမည်သာဖြစ်သည်။

'အားမာန်.. ကျွန်တော် ခင်ဗျားကလွဲရင် ဘယ်သူ့ကိုမှ ချစ်လို့မရဘူးဆိုတာ ခင်ဗျားမယုံဘူးလား'

အားမာန် ပြုံးလိုက်ကာ နွေးထွေးသော သူရိန့်လက်များကို တင်းကြပ်စွာဆုပ်ကိုင်လိုက်မိသည်။

ပင်လယ်လေညှင်းကတော့ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းတရားကို ကမ္ဘာအနှံ့ သယ်ဆောင်သွားပေး လိမ့်မည်ထင်သည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now