ဘောင်းဘီရှည် နက်ပြာရောင် တီရှပ်အဖြူရောင်နှင့် နက်ပြာရောင် နက်ကတိုင် ယူနီဖောင်းဆင်တူ ၀တ်ထားသော စားပွဲထိုးကောင်လေးက အေးစိမ့်သော ဘီယာတစ်ခွက်ကို ဇေယျရှေ့ချပေးလာသည်။ ကျေးဇူးတင်စကားပြောပြီး တစ်ငုံမော့သောက်လိုက်သော ဇေယျ ဘီယာနင်ကာ လည်ချောင်းများ နာကျင်သွားသည်။
သူတို့နှစ်ယောက်ရှိရာ ကော်ဖီဆိုင်တံခါးကို တွန်းဖွင့်ကာ ၀င်လာသော အားမာန်ကို တွေ့လိုက်ရ၍ဖြစ်သည်။
ဇေယျ ဒီနေ့ သူရိန်နှင့်တွေ့စရာရှိသည်ကို မပြောဖြစ်ခဲ့။ တစ်အိမ်တည်းအတူတူ နေနေသော်လည်း တစ်ခါတစ်ရံ သူတို့ မတွေ့ဖြစ်ကြ။ ညကလဲ အားမာန် ဇေယျအိပ်ပျော်ချိန် ညည့်နက်မှ ပြန်လာခဲ့ပြီး မနက်အစောကြီး ဇေယျမနိုးခင် အိမ်မှ ထွက်သွားပြီးဖြစ်သည်။
အားမာန်နောက်မှ ကော်ဖီဆိုင်ထဲ လှမ်းဝင်လာသော သင်းမာကိုတွေ့လိုက်ရသည့်ခဏမှာတော့ ဇေယျ ဟန်မဆောင်နိုင်အောင် မျက်နှာပျက်သွားသည်။ သင်းမာက အားမာန်လက်မောင်းကို ချိတ်ထားသည်။
'ေဇယ်'
ဇေယျကို ချက်ချင်းလိုလို တွေ့မိသွားသော သင်းမာ ပြုံးပြနှုတ်ဆက်ရင်း သူရိန်တို့ရှိရာ စားပွဲသို့လျှောက်လာခဲ့သည်။
သင်းမာအသံကြောင့် သူရိန် သောက်လက်စကော်ဖီကို စားပွဲပေါ်တင်ကာ နောက်လှည့်ကြည့်လိုက်သည်။
အားမာန်...
ပြီးတော့ အားမာန်လက်မောင်းကို ခိုင်မာစွာတွဲချိတ်ထားသော သင်းမာ။
ရှည်လျားသော ဆံပင်ရှည်များကို ခပ်မြင့်မြင့် ချည်နှောင်ထားပြီး မိတ်ကပ်ပါးပါးလိမ်းထားသော သင်းမာမျက်နှာမှာ နုရှင်းလှပလွန်းလှသည်။ အရောင်တောက်နေသော မျက်လုံးစင်းစင်းများက သူမဘယ်လောက်ပျော်နေသည်ကို သိနိုင်သည်။
သူရိန့်အတွက်တော့ ရွေ့လျားနေသော ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် ရပ်ဆိုင်းသွားသလိုပင်။ ရင်ထဲမှာ စူးခနဲနေအောင် နာကျင်ခံရခက်သွားသည်။
မတွေ့ချင်ပါ။
သူတို့နှစ်ယောက်ကို အခုလိုအတူယှဉ်တွဲတွေ့နိုင်လောက်အောင် သူရိန့်မှာ သတ္တိမရှိသေးပါ။ ခေါင်းကိုချက်ချင်းငုံ့မိသွားသည်။
![](https://img.wattpad.com/cover/86239026-288-k549625.jpg)
YOU ARE READING
ပင်လယ်နဲ့လှေငယ်
Romance(Unicode & Zawgyi) ပင်လယ်နဲ့တူတဲ့ ဘ၀.. လှေငယ်နဲ့တူတဲ့ သူ.. မုန်တိုင်းကြားမှာ ခရီးဆက်နိုင်ပါစေ..