Part 16

13.7K 1.3K 1
                                    

ရန်ကုန်မြို့သည် သူရိန်ထင်ထားသည်ထက် ပိုမိုစိတ်ရှုပ်စိတ်နောက်စရာ ကောင်းနေသည်။

ကားလမ်းများမှာ ရောင်စုံကြီးငယ်ကားများနှင့် ပြည့်ကြပ်သိပ်နေကာ တစ်ဘီးချင်းလှိမ့်ပြီး မောင်းရပုံမှာ လမ်းလျှောက်သည်ကပင် လိုရာကို ရောက်ဦးမည်ဖြစ်သည်။ လှိုင်းသံလေသံနှင့်သာ အသားကျခဲ့သူ ပင်လယ်သား တစ်ယောက်အတွက် မီးစက်သံ၊ ကားဟွန်းတီးသံ၊ လူသံများနှင့် ပွက်လောရိုက်နေသော မြို့ထဲသို့ရောက်လျှင် ချက်ချင်းလိုပင် ထွက်ပြေးလွတ်မြောက်ချင်မိသည်။

အနည်းဆုံး သူတို့နေထိုင်သည့် အိမ်သည် ဆူညံသံများနှင့် ဝေးသည့် ဆိတ်ငြိမ်ရပ်ကွက်တစ်ခုဖြစ်၍သာ တော်တော့သည်။ ဒါပေမယ့် အိမ်နီးနားချင်း ပြုံးရယ်နှုတ်ဆက်ဖို့ဝေးကာ တစ်တိုက်နှင့် တစ်တိုက် ခြံကျယ်ကြီးများ၊ အုတ်တံတိုင်းမြင့်များဖြင့် ကာရံထားသည်မို့ မိမိအိမ်နီးချင်း ဘယ်သူဘယ်ဝါဆိုတာပင် မသိနိုင်။

သူ အကြိုက်ဆုံးကတော့ မြက်ခင်းစိမ်းစိမ်းနှင့် ခြံကျယ်ကြီးဖြစ်သည်။

အိမ်ရှေ့တွင် သစ်ခွ၊ စံပါယ်၊ ဂန္ဓာမာ ပန်းမျိုးစုံနှင့် စိမ်းစိုသောမြက်ခင်းပြင်ရှိနေပြီး အိမ်နောက်ဘက်တွင်မူ အရိပ်ကောင်းသော အပင်မျိုးစုံနှင့် အသီးပင်မျိုးစုံရှိနေသည်။ ခြံထဲတွင် အပန်းဖြေအနားယူရန် ခုံတန်းရှည်နှင့် ကျောက်ခင်းလမ်းကလေးရှိသည်။ မြက်ရိတ်စက်အပါအ၀င် ဥယျာဉ်သုံး ပစ္စည်းကိရိယာများထားသော ခြံထောင့်မှ စတိုအိမ်သေးလေးတွင် သူ အချိန်ကုန်ဖြစ်တာများသည်။

အားမာန်အိမ်တွင် အလုပ်သမား များစွာမရှိသည်ကိုတော့ အံ့သြမိသည်။ ထမင်းချက်မှအစ ဒရိုင်ဘာအဆုံးရှိလိမ့်မည်ဟု သူထင်ထားသည်မှာ မှားနေသည်။ တစ်ပါတ်တစ်ခါ အိမ်သန့်ရှင်းရေးလာလုပ်သော အဒေါ်ကြီးမှလွဲ၍ ဘယ်သူမှမရှိ။ ခြံအတွက်မူ ဦးချမ်းအေးဆိုသည့် ဦးလေးကြီးတစ်ယောက် မကြာမကြာ လာရောက်လေ့ရှိသည်။ ဒါပေမယ့်လည်း ညအိပ်ညနေမဟုတ်။ မနက်လာ၍ ညနေသူ့အိမ်သူပြန်တာပင်ဖြစ်သည်။ အားမာန် ကားကို ကိုယ်တိုင်မောင်းကာ အစားကိုဖြစ်သလိုကြုံရာမှာ စားတတ်သည်ကို သူရိန်အံ့သြမိသည်။

ပင်လယ်နဲ့လှေငယ်Where stories live. Discover now