ဂါဝန်ပန်းရောင်လေးနှင့် ထွတ်ငယ်အသက်အရွယ် ကလေးမလေးတစ်ယောက် သူရိန်တို့ထိုင်နေရာ မြက်ခင်းပြင်နား အပြေးကလေးရောက်လာသည်။ သူမ ဘောလုံးပန်းရောင်လေးက သူရိန်တို့နားရောက်လာ၍ဖြစ်သည်။
'သမီးရေ အဝေးကြီးမပြေးနဲ့လေ'
ခပ်လှမ်းလှမ်းမှ ကလေးမိခင်ဖြစ်ဟန်တူသူက နောက်မှအပြေးလိုက်လာသည်။
အားမာန်လှဲလျောင်းနေရာမှ ထထိုင်လိုက်ကာ သူ့နားမှ ဘောလုံးကိုလှမ်းယူလိုက်ပြီး ကလေးမလေးကို ကမ်းပေးလိုက်သည်။ ကလေးမလေးက အားမာန်ကမ်းပေးသော ဘောလုံးကိုလှမ်းမယူပဲ သူမ မိခင်ထံပြန်ပြေးသွားကာ ပုန်းနေသည်။
'သြော်..စိမ်းလဲ့ရယ်.. ဟိုမှာ သမီးဘောလုံးပြန်ပေးနေတာပဲဟာကို ယူလိုက်ပါလား.. ဟင်.. အားမာန်'
သမီးငယ်ကို လှမ်းပြောနေရာမှ ဘောလုံးကိုလှမ်းအယူ နွေး လက်တွေ လေထဲမှာပဲရပ်တန့်လို့သွားသည်။ မတွေ့ချင်ဆုံးသူဖြစ်သည့် အားမာန်နှင့်မှ အားလပ်ရက်တွင် လာရောက်တွေ့ဆုံလိုက်ရသဖြင့် သူမ တော်တော် စိတ်ညစ်သွားသည်။
'မမနွေး..'
အားမာန်မျက်နှာမှာ ပြင်၍မရလောက်အောင်ပင် ပျက်သွားခဲ့သည်။
'သူရိန် ဒါသင်းမာရဲ့ အစ်မ နွေး.. မမနွေး.. သူရိန်'
သူရိန်နှင့် နွေးကို အားမာန် ကြိုးစားမိတ်ဆက်ပေးလိုက်သည်။
'ဦးဦးရေ... ဒီမှာ ဦးဦးနေနဲ့ သားတွေ့တယ်'
နေသားလက်ကိုဆွဲကာ ပြုံးရွှင်စွာလျှောက်လာသော ထွတ်ငယ်ကို တွေ့လိုက်ရစဉ်ခဏ အားမာန်တစ်ကိုယ်လုံးမှ စီးဆင်းနေသော သွေးများ ရပ်ဆိုင်းသွားမိသည်။ ထိုင်နေရာမှ ရုတ်တရတ် ၀ုန်းခနဲ ထရပ်လိုက်မိသည်။ မလိုအပ်ပါပဲနှင့် ထွတ်ငယ်လက်ကို သူ ကြမ်းတမ်းစွာ ဆွဲဖယ်ကာ နေသားနှင့် ဝေးရာကို တွန်းပို့လိုက်သည်။
နေသားရဲ့အေးစက်စက်အပြုံးကတော့ နေရောင်အောက်မှာ တောက်ပနေသည်။ အားမာန်ဘေးနားမှ စိမ်းလဲ့ရှေ့မှာ ဒူးထောက်ထိုင်ကာ ပြောလိုက်သည်။
'သမီးနဲ့နွေးက အားမာန်တို့နဲ့တွေ့နေတာလား.. သင်းမာတို့က ဒါ့ကြောင့်ဒီနေ့ ဒီလာမယ်ချည်းပြောနေတာကိုး ဟား ဟား'

ESTÁS LEYENDO
ပင်လယ်နဲ့လှေငယ်
Romance(Unicode & Zawgyi) ပင်လယ်နဲ့တူတဲ့ ဘ၀.. လှေငယ်နဲ့တူတဲ့ သူ.. မုန်တိုင်းကြားမှာ ခရီးဆက်နိုင်ပါစေ..